ညောင်ရွှေမြို့နယ် အင်းလေးကန်အတွင်းရှိ ရေဘေးသင့်ကျေးရွာများသို့ မြန်မာနိုင်ငံတရုတ်ကုန်သည်ကြီးများအသင်းချုပ်မှ စားသောက်ဖွယ်ရာများနှင့် အလှူငွေများ သွားရောက်လှူဒါန်း

ညောင်ရွှေ အောက်တိုဘာ ၁

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နှင့် ပတ်ဝန်းကျင်ဒေသများ၌ မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် မြို့နယ်အတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး အင်းလေးကန်အတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများ ရေဘေးဒုက္ခ ကြုံတွေ့ခံစားနေကြရသည်။

ထိုသို့ ရေဘေးဒုက္ခကြုံတွေ့လျက်ရှိသူများအား ပရဟိတအသင်းအဖွဲ့များ၊ စေတနာရှင်သဒ္ဒါရှင်များက အလှူငွေများ၊ စားသောက်ဖွယ်ရာများ၊ ဆေးဝါးများ၊ အဝတ်အထည်များနှင့် အသုံးအဆောင်ပစ္စည်းများကို လာရောက်ပေးအပ်လှူဒါန်းလျက်ရှိရာ စက်တင်ဘာ(၂၉)ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံ တရုတ်ကုန်သည်ကြီးများအသင်းချုပ်မှ တာဝန်ရှိသူများ စေတနာရှင် အလှူရှင်များပါဝင်သောအဖွဲ့သည် အင်းလေးကန်အတွင်းရှိ တောင်တိုကျေးရွာ၊ ကျိုင်းခမ်းရွာသစ်ကျေးရွာ၊ ပန်းကန်ကျေးရွာ၊ ဆီဆုံကျေးရွာ၊ ဟတ်ပုံးကျေးရွာ၊ ဟဲလုံကျေးရွာ၊ ရေကာကျေးရွာ၊ နန်းပန်မြို့နှင့် အုံးကြီးဝကျေးရွာများရှိ ရေဘေးသင့်ပြည်သူ တစ်အိမ်ထောင်လျှင် ငွေကျပ်(၄၅၀၀၀)နှင့် ရိက္ခာပုံးတစ်ပုံးနှုန်းဖြင့် အိမ်ထောင်စု စုစုပေါင်း(၁၀၁၉)စုအတွက် တန်ဖိုးငွေကျပ်သိန်း(၁၄၀၀)ကျော်  ပေးဝေလှူဒါန်းခဲ့ကြသည်။

အဆိုပါ အလှူရှင်အဖွဲ့သည် စက်တင်ဘာ(၃၀)ရက် နံနက်ပိုင်းတွင် ရွှေရတုဆွမ်းစားကျောင်း ရေဘေးကယ်ဆယ်ရေးစခန်းရှိ ရေဘေးသင့်ပြည်သူများအား အားပေးစကားပြောကြားပြီး အလှူငွေကျပ်(၁၀)သိန်း လှူဒါန်းခဲ့ကြောင်း သိရသည်။

စိုင်းအယ်ဘဲ