တောင်ကြီး အောက်တိုဘာ ၁
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်(၁၀)နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ကျင်းပသည့် ရေဘေးသင့်ပြည်သူများအတွက် အလှူငွေပေးအပ်လှူဒါန်းပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဦးစွာ ရေဘေးသင့်ပြည်သူများအတွက် စေတနာရှင်၊ အလှူရှင်များဖြစ်ကြသည့် တောင်ကြီးမြို့၊ ဘုရားကြီးအနောက်ကျောင်း ဆရာတော်ဦးသဇ္ဇနက ငွေကျပ် (၅) သိန်းကိုလည်းကောင်း၊ Red Mountain production Co,ltd က ငွေကျပ် သိန်း (၅၀၀) ကိုလည်းကောင်း၊ သုဓမ္မမဏိဇောတဓရ ဦးအောင်သန်း၊ အောင်ရတနာကုမ္ပဏီလိမိတက်က ငွေကျပ် သိန်း (၃၀၀) ကိုလည်းကောင်း၊ မြန်မာပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း(ရန်ကုန်)မှ ငွေကျပ် သိန်း(၂၀၀)ကိုလည်းကောင်း၊ တောင်ကြီးမြို့ တိမ်ဖြူတောင်ကုမ္ပဏီမှ ငွေကျပ် သိန်း (၂၀၀) ကို လည်းကောင်း၊ တောင်ကြီးမြို့ တင်မြင့်ရီကုမ္ပဏီလိမိတက်က ငွေကျပ်သိန်း (၁၀၀) ကို လည်းကောင်း၊ ဟဲဟိုးမြို့၊ မဟာစံအုတ်စက်ရုံမှ ငွေကျပ် သိန်း(၅၀)ကို လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့၊ သီရိခေမာရပ်ကွက်နေ ဦးလှမြင့်+ဒေါ်ဝင်းဝင်းမြင့် မိသားစုက ငွေကျပ် သိန်း (၅၀) ကို လည်းကောင်း ဆေးတက္ကသိုလ်တောင်ကြီးမှ ငွေကျပ် (၁၀) သိန်းကို လည်းကောင်း ပေးအပ်လှူဒါန်းရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားရာတွင် ယခုကဲ့သို့ ရေဘေးသင့်ပြည်သူများအတွက်လာရောက် ပူပေါင်းပါဝင်လှူဒါန်းပေးကြသည့် အလှူရှင်များအား ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ရေဘေးသင့်ပြည်သူများ ကိုယ်စားကျေးဇူးတင်ရှိပါကြောင်း၊ ရေဘေးသင့်ပြည်သူများကို သက်ဆိုင်ရာဒေသများ၌ ကယ်ဆယ်ရေးစခန်းများဖွင့်လှစ်၍ နေထိုင်စားသောက်ရေးကိစ္စရပ်များ၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များအား ပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများ၊ စေတနာရှင်အလှူရှင်များက ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လက်ရှိအချိန်တွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုလို အလှူရှင်များမှ လှူဒါန်းသောငွေများကို ရေဘေးသင့်သည်ဒေသများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အကျိုးရှိရှိ ထိရောက်စွာစနစ်တကျ စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
အဆိုပါ ရေဘေးသင့်ပြည်သူများအတွက် ယနေ့လှူဒါန်းငွေ စုစုပေါင်းမှာ ငွေကျပ် ၁၄၁,၅၀၀,၀၀ဝိ/-(ငွေကျပ် တစ်ထောင့်လေးရာတစ်ဆယ့်ငါးသိန်းတိတိ )ဖြစ်ပြီး စက်တင်ဘာလ ၂၁ ရက်နေ့မှ ယနေ့အထိ အလှူရှင်များမှ လာရောက်လှူဒါန်းသည့် အလှူငွေစုစုပေါင်းစာရင်းချုပ်မှာ ငွေကျပ် ၁,၉၃၃,၀၀၀,၀၀၀ိ/-(ငွေကျပ် သိန်းတစ်သောင်းကိုးထောင်သုံးရာသုံးဆယ်သိန်းတိတိ) ဖြစ်ကြောင်း သိရသည်။
ပြည်နယ် ပြန်/ဆက်