နမ့်ခမ်း နိုဝင်ဘာ ၂၃
ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့နယ်နှင့် ကချင်ပြည်နယ် မန့်ဝိန်းကြီးသို့ အထူးသွားလမ်းဖြစ်သော သမိုင်းဝင် ရွှေလီမြစ်ကူးကြိုး တံတားဟောင်းမှာ ယနေ့နံနက် (၁၀) နာရီ အချိန်ခန့်က ခိုင်ခန့်မှုလျော့ပြီး သဘာဝအတိုင်း ကျိုးကျသွားပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ နမ့်ခမ်းရွှေလီကြိုးတံတားမှာ ၁၉၄၅ခုနှစ်၊ စစ်ကာလတွင် မဟာမိတ်တပ်များမှ ဆောက်လုပ် ခဲ့ခြင်းဖြစ်ပြီး အရှည် ၄၄၀ပေ၊ တံတားခင်း အကျယ် ၁၂ ပေ တစ်လွှာထပ် ဘေလီသံမဏိကြိုးဆိုင်း တံတားဖြစ်ပြီး မဟာမိတ်တပ်များက ကုန်စည်ပို့ဆောင်ရေး လွယ်ကူစေရေး အရေးပေါ်ဆောက်လုပ်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
၁၉၈၄ ခုနှစ်တွင် တံတားကြံ့ခိုင်ရေးကို မွမ်းမံပြုပြင် သုံးစွဲ့ခဲ့သော်လည်း ရေရှည်ကြံ့ခိုင်ရေး မရှိနိုင်သဖြင့် ယင်းကြိုးတိုင်တံတားနှင့်အပြိုင် ကိုက် ၂၀၀ခန့် အကွာတွင် သံဘောင် သံမဏိခင်း သံမဏိကြိုးဆိုင်း တံတား အသစ်ကို ၂၀၀၄ ခုနှစ်က လမ်းတံတားအထူး (၄)အဖွဲ့မှ ဆောက်လုပ်ခဲ့ပြီး ၂၀၀၉ ခုနှစ် တွင် ခေတ်မီတံတားအသစ် တစ်စင်းဖြင့် အစားထိုး နိုင်ခဲ့ပါသည်။ ကိုလိုနီခေတ် တံတားဟောင်းအား မပြုမပြင်ထားရာမှ ယနေ့နံနက် (၁၀) နာရီက ကြိုးပျက်စီးသွားခြင်းဖြစ်ကြောင်း သိရသည်။
အယ်လ်စိုး (ပြန်ဆက်)
ဓာတ်ပုံ - လမ်းဦးစီး (ပဆင၊နမ့်ခမ်း)