(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြည်နယ်အဆင့်ပြိုင်ပွဲဝင်များအား ကြိုဆိုဂုဏ်ပြုအခမ်းအနား ကျင်းပ

လင်းခေး အောက်တိုဘာ ၁

(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြည်နယ်အဆင့်ပြိုင်ပွဲသို့ သွားရောက်ယှဥ်ပြိုင်ခဲ့သည့် လင်းခေးခရိုင်ကိုယ်စားပြု ပြိုင်ပွဲဝင်များအား ကြိုဆိုဂုဏ်ပြုခြင်းအခမ်းအနားကို စက်တင်ဘာ ၂၉ မွန်းလွဲ ၂ နာရီက မြို့နယ်နွယ်ဝတီခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် လင်းခေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဝင်းက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ အခြေခံပညာအထက်တန်းကျောင်း(လင်းခေး) ကျောင်းသား/ကျောင်းသူများကအနာဂတ်လူရည်ချွန်တေးသီချင်းသီဆိုဂုဏ်ပြုခဲ့ကြသည်။ ဆက်လက်ပြီး အသက် ၁၀ နှစ်မှ ၁၅ နှစ် အမျိုးသမီးကဗျာလွတ်အက၊ ၁၀ နှစ်မှ ၁၅ နှစ် အမျိုးသမီးတစ်ပင်တိုင်အကများဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

ဆက်လက်၍ ခရိုင်အုပ်ချုပ်ရေးမှူးက အဆိုပါ ပြိုင်ပွဲဝင်ခဲ့ကြသည့် အဖွဲ့အလိုက်အား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့ပြီးနောက် အမှတ်တရစုပေါင်းဓာတ်ပုံမှတ်တမ်းတင် ရိုက်ကူးခဲ့ကြသည်။

ယင်းနောက် ဂုဏ်ပြုဖျော်ဖြေရေးအဖွဲ့များက တိုးနယားအက၊ ကိန္နရီကိန္နရာအကနှင့်  ရှမ်းတိုင်းရင်းသားရိုးရာအကပဒေသာများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပါသည်။

ထို့နောက် လင်းခေးမြို့နယ် တောင်ရွာအခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ကျောင်းသား/ ကျောင်းသူများ၏မြန်မာ့စိတ်ရင်း မြန်မာ့ရှုခင်းတေးသီချင်း ဂုဏ်ပြုသီဆိုဖျော်ဖြေကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

စိုင်းဇော်လတ်( လင်းခေး)