ကျောက်ဆည်မြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ကျောက်ဆည် အောက်တိုဘာ ၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ အနာ်ရထာခန်းမတွင် ယမန်နေ့ နံနက် (၉) နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး၊ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အသိပညာပေးဟောပြောပွဲတွင် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက စာပေဖတ်ရှုရခြင်း၏အကျိုးကျေးဇူးများ၊ ငယ်စဉ်အချိန်တွင် အသိပညာဗဟုသုတစာပေများဖတ်ရှုခြင်းဖြင့် လူအများအလယ်၌ တင့်တယ်မှာဖြစ်ကြောင်း၊ ဗဟုသုတအသိပညာများပြည့်ဝပါက အောင်မြင်ကြီးပွားနိုင်ကြောင်း အသိပညာပေးဟောပြောခဲ့ပြီး ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသန့်ဇင်ဟိန်းက ပလတ်စတစ်ညစ်ညမ်းမှုအန္တရာယ်အကြောင်းများနှင့် ရာသီဥတုပြောင်းလဲခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများအကြောင်း အသိပညာပေး ရှင်းလင်းဟောပြောခဲ့သည်။

အသိပညာပေးဟောပြောပွဲအပြီးတွင် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပြီး ကျောင်းသား/ ကျောင်းသူများက ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့မှပြသထားသည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ အရွယ်မရောက်သေးသူကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေး၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ ပလတ်စတစ်ဆိုးကျိုးများစသည့် အသိပညာပေးနံရံကပ်စာစောင်များအား  စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြောင်း သိရသည်။

သက်မောင်၊ကျောက်ဆည်