ကျောက်ဆည်မြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ကျောက်ဆည်  စက်တင်ဘာ  ၃၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၊ အနာ်ရထာခန်းမတွင် ယနေ့နံနက်(၉)နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး၊ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အသိပညာပေးဟောပြောပွဲတွင် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက စာပေဖတ်ရှုရခြင်း၏ အကျိုးကျေးဇူးများ၊ ငယ်စဉ် အချိန်တွင် အသိပညာဗဟုသုတ စာပေများဖတ်ရှုခြင်းဖြင့်  လူအများအလယ်၌ တင့်တယ်ပြီးမှာ ဖြစ်ကြောင်း၊ ဗဟုသုတအသိပညာများပြည့်ဝပါက အောင်မြင်ကြီးပွားနိုင်ကြောင်း အသိပညာပေးဟောပြောခဲ့ပြီး ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသန့်ဇင်ဟိန်းက ပလတ်စတစ်ညစ်ညမ်းမှုအန္တရာယ် အကြောင်းများနှင့် ရာသီဥတုပြောင်းလဲခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများအကြောင်း အသိပညာပေး ရှင်းလင်းဟောပြောခဲ့သည်။

အသိပညာပေးဟောပြောပွဲအပြီးတွင် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပြီး ကျောင်းသား/ ကျောင်းသူများက ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနတို့မှ ပြသထားသည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ အရွယ်မရောက်သေးသူ ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ပလတ်စတစ်ဆိုးကျိုးများ စသည့် အသိပညာပေးနံရံကပ်စာစောင် များအား  စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)