နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းအတွက် မြေပြင်တွင် လက်တွေ့ကွင်းဆင်း စာရင်းကောက်ယူကြမည့် စာရင်းစစ်၊ စာရင်းကောက်များနှင့် တွေ့ဆုံ

နေပြည်တော် စက်တင်ဘာ ၃၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း အောင်မြင်စွာကောက်ယူနိုင်ရေးအတွက် မြို့နယ်အလိုက် စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ကောင်စီရုံး၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပရာ နေပြည်တော်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဝင်များ၊ ခရိုင်နှင့် မြို့နယ်သန်းခေါင်စာရင်းကော်မတီဝင်များနှင့် တာဝန်ရှိသူများ၊ စာရင်းစစ်/စာရင်းကောက်များအဖြစ် တာဝန်ထမ်းဆောင်ကြမည့် ဆရာ/ဆရာမများ၊ နယ်စပ်ရေးရာဝန်ကြီးဌာနမှ အရာထမ်း/အမှုထမ်းများ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦက အမှာစကားပြောကြားရာတွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းလုပ်ငန်းစဉ်ကို နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ ကောက်ယူနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ သန်းခေါင်စာရင်းမှရရှိလာသည့် အချက်အလက်များသည် လူဦးရေစုစုပေါင်းကိုသာ ဖော်ပြခြင်းမဟုတ်ဘဲ နိုင်ငံအတွင်းမှာရှိနေသည့် ပြည်သူများ၏ အသက်အပိုင်းအခြားအလိုက်၊ ကျား/ မ အလိုက်၊ လူဦးရေကို ရရှိနိုင်သလို လူမှုစီးပွားရေးဆိုင်ရာ ကဏ္ဍအားလုံးနှင့်သက်ဆိုင်သည့် အချက်အလက်များ၊ အိမ်အကြောင်းအရာများကို ရရှိနိုင်မှာဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များကို ကဏ္ဍအလိုက် အချိုးညီညီ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒချမှတ်ခြင်းများ၊ စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ခြင်းများ စသည့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံအဖြစ်အသုံးပြုရသည့် လူဦးရေဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များကို သန်းခေါင်စာရင်းကောက်မှသာ ရရှိနိုင်မှာဖြစ်ကြောင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် သန်းခေါင်စာရင်းကောက်ယူရန်အတွက် တိုင်းအဆင့်သင်တန်း၊ ခရိုင်အဆင့်သင်တန်းများ၊ မြို့နယ် အဆင့်သင်တန်းများဖြင့် စာရင်းစစ်၊ စာရင်း‌ကောက် ၁၃၃၆ ဦးတို့အား ဆင့်ပွားသင်တန်းများ ဖွင့်လှစ်ပို့ချခဲ့ပြီးဖြစ်ကြောင်း၊ စာရင်းစစ်/စာရင်းကောက်များအနေဖြင့် သင်တန်းကာလပြီးမြောက်ခဲ့ပြီးဖြစ်သည့်အတွက် သန်းခေါင်စာရင်းမေးခွန်းတွင်ပါဝင်သည့်အကြောင်းအရာများ၊ သန်းခေါင်စာရင်းဆိုင်ရာ အသိပညာဗဟုသုတများကို မိမိတို့၏ လုပ်ငန်းအတွေ့အကြုံများနှင့်ပေါင်းစပ်ပြီး စာရင်းကောက်ယူရာတွင် အချက်အလက်များ မှန်မှန်ကန်ကန်ရရှိအောင် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊  ယခုကောက်ယူမည့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းသည် Mobile Tablet ကို အသုံးပြု၍ CAPI (Computer Assisted Personal Interviews) နည်းပညာဖြင့် ကောက်ယူသွားမှာဖြစ်ကြောင်း၊ စာရင်းစစ်၊ စာ‌ရင်းကောက်များ သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းဆောင်ရွက်ရာတွင် အောင်မြင်အောင် ကောက်ယူကြရမှာဖြစ်ကြောင်း၊ သန်းခေါင်စာရင်းကောက်ယူခြင်းမှ ရရှိလာသည့် အချက်အလက်မှန်ကန်မှသာ နိုင်ငံ၏ ကဏ္ဍအလိုက်ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများကို ထိထိရောက်‌ရောက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်အနက် လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲစာရင်းမှန်ကန် စေရေးကို ချိန်ညှိရန်အတွက်လည်း အသုံးဝင်မှာဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် နေပြည်တော်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦက စာရင်းစစ်/စာရင်းကောက်များအဖြစ် တာဝန်ထမ်းဆောင်ကြမည့် ဆရာ/ ဆရာမများ၊ နယ်စပ်ရေးရာဝန်ကြီးဌာနမှ အရာထမ်း/ အမှုထမ်းများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)