ဟိုပုံး စက်တင်ဘာ ၃၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ရာဂီမုန်တိုင်းကြောင့် သေဆုံးသူများအား ထောက်ပံ့ပေးပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ အက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသခန်းမတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးက မိုးသည်းထန်စွာရွာသွန်းပြီး မိုးကြီးရေလျှံခြင်းဖြစ်စဉ်ဟာ ပအိုဝ်းဒေသတစ်ခုလုံးနှင့် ဟိုပုံးမြို့နယ်အတွက် ဆုံးရှုံးမှုကြီးမားသော မမေ့နိုင်သည့် နေ့တစ်နေ့ဖြစ်ပါကြောင်း၊ ဟိုပုံးမြို့နယ်အတွင်း မိုးကြီးရေလျှံမှုကြောင့် အိမ်ခြေများစွာအတွင်း ရေများဝင်ရောက်၍ အိုး/အိမ်၊ အဆောက်အဦများထိခိုက်ပျက်စီးခြင်း၊ ရေကြီးမြေပြိုမှုကြောင့် နေအိမ် (၂၆၄)လုံး လုံးဝပျက်စီးခဲ့ပြီး နေအိမ် (၃၃၇) လုံး တစ်စိတ်တစ်ပိုင်း ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ပါကြောင်း ပြည်သူ(၂၆)ဦးမှာလည်း ရေဘေးဒဏ်ကြောင့် အသက်ဆုံးရှုံးခဲ့ရသည်ကိုလည်း မိသားစုဝင်များနှင့် ထပ်တူဝမ်းနည်းရပါကြောင်း၊ မိဘပြည်သူများရဲ့ ကျေးရွာ၊ အိုးအိမ်၊ သဘာဝပတ်ဝန်းကျင်များ ပျက်စီးဆုံးရှုံးခဲ့မှုများအတွက် ပြန်လည်တည်ဆောက်ရေး၊ ပြန်လည်ထူထောင်ရေးနှင့် အဘက်ဘက်မှ ပြန်လည်တိုးတက်ကောင်းမွန်သည့် အနာဂတ်များထူထောင်ရန်အတွက် ကျွန်တော်တို့ဌာနဆိုင်ရာများလည်း ကျေးရွာနေမိဘပြည်သူများနှင့်အတူ မားမားမတ်မတ်ရပ်တည်ပြီး ပြန်လည်ကောင်းမွန်ရန် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကို ဆောင်ရွက်မည်ဟု ပြောကြားလိုကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များက နိုင်ငံတော်အစိုးရမှ ထောက်ပံ့သည့် ရာဂီမုန်တိုင်းကြောင့် အသက်ဆုံးရှုံးခဲ့ရသည့် သေဆုံးသူ (၂၆)ဦးအတွက် တစ်ဦးလျှင် ငွေကျပ်(၁၀) သိန်းစီဖြင့် နိုင်ငံတော်အစိုးရမှပေးအပ်သည့် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် စက်တင်ဘာ ၁၀ ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူနေအိမ်နှင့် စာသင်ကျောင်းများ၊ လမ်းတံတားနှင့် စိုက်ခင်းများ ပျက်စီးဆုံးရှုံးခဲ့ရပြီး ဒေသခံပြည်သူများ၏ လူနေမှုဘဝများအဆင်ပြေစေရန် မြို့နယ်တွင်းရှိ ဆရာတော်/ သံဃာတော်များ၊ သက်ဆိုင်ရာဌာနများနှင့် အလှူရှင်များ၊ ဒေသခံပြည်သူများပူးပေါင်း၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)