ညောင်ရွှေမြို့ ရေဘေးသင့်ပြည်သူများအတွက် နိုင်ငံကျော်အနုပညာရှင်များ၊ စေတနာရှင်အလှူရှင်များမှ စုပေါင်းလှူဒါန်း

ညောင်ရွှေ စက်တင်ဘာ ၃၀

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နှင့် ပတ်ဝန်းကျင်ဒေသများ၌ မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် မြို့နယ်အတွင်းရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး ဒေသခံပြည်သူများ ရေကြီးနစ်မြှုပ်မှု ကြုံတွေ့ခံစားခဲ့ရကာ နီးစပ်ရာရေဘေးကယ်ဆယ်ရေးစခန်းများ၌ သွားရောက်ခိုလှုံနေထိုင်လျက်ရှိကြသည်။

ထိုသို့ ယာယီရေဘေးကယ်ဆယ်ရေးစခန်းများ၌ ခိုလှုံနေထိုင်လျက်ရှိသူများအား နိုင်ငံတော်နှင့် အစိုးရဝန်ကြီးဌာနများ၊ ပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများ၊ ပရဟိတအသင်းအဖွဲ့များ၊ စေတနာရှင်သဒ္ဒါရှင်များက အလှူငွေများ၊ စားသောက်ဖွယ်ရာများ၊ ဆေးဝါးများ၊ အဝတ်အထည်များနှင့် အသုံးအဆောင်ပစ္စည်းများကို လာရောက်ပေးအပ်လှူဒါန်းလျက်ရှိရာ ယမန်နေ့ နေ့လယ်ပိုင်းတွင် နိုင်ငံကျော်အနုပညာရှင်များဖြစ်ကြသည့် ဆုပန်ထွာ၊ ငှက်ပျောကြော်နှင့် စေတနာရှင်အလှူရှင်များပါဝင်သောအဖွဲ့သည် ရွှေရတုဆွမ်းစားကျောင်း ရေဘေးကယ်ဆယ်ရေးစခန်းရှိ ရေဘေးသင့်ပြည်သူများအား အားပေးစကားပြောကြားခြင်း၊ တေးသံသာများဖြင့် ဖျော်ဖြေတင်ဆက်ခြင်း၊ စားသောက်ဖွယ်ရာများနှင့် အလှူငွေများ ဝေငှပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

စိုင်းအယ်ဘဲ