နေပြည်တော် စက်တင်ဘာ ၃၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း သဘာဝဘေးအန္တရာယ်ဖြစ်ပွားခဲ့မှုနှင့်စပ်လျဉ်း၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ ၂၈ ရက်နေ့ ညပိုင်းက နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီး ရဲမိုး၊ ဦးမြင့်စိုး၊ ဦးမင်းဦးနှင့် ဦးဟန်သူ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ခေတ္တအမြဲတမ်းအတွင်းဝန်၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက ရေလွှမ်းမိုးမှုကြောင့်ပျက်စီးဆုံးရှုံးခဲ့ရသည့် စာသင်ကျောင်းများ၊ ဆေးပေးခန်းများအမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက်လိုအပ်သည့် ပြင်ဆင်ခြင်းလုပ်ငန်းများ၊ သန့်ရှင်းရေးဆောင်ရွက်မှုလုပ်ငန်းများအားဆောင်ရွက်ရန်၊ လမ်းပန်းဆက်သွယ်ရေး မူလအခြေအနေအတိုင်း ပြန်လည်ကောင်းမွန်မှုရှိစေရန် လမ်းဘေးဝဲယာတွင် ရေလွှမ်းမိုးမှုကြောင့်တင်ကျန်ခဲ့သော သဲနုန်းမြေများကို ဖယ်ရှားရှင်းလင်းရေးလုပ်ငန်းများနှင့် ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေး၊ အမှိုက်သရိုက်များ ပိတ်ဆို့မှုမရှိစေရေးစနစ်တကျ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားရန်၊ ရေဘေးသင့်ပြည်သူများအတွက် အစားအသောက်များနှင့် သန့်ရှင်းသောသောက်သုံးရေများရရှိစေရန် စီမံဆောင်ရွက်ပေးရေး၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို စနစ်တကျစုဖွဲ့ပြီး အချိန်နှင့်တစ်ပြေးညီ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရေး၊ ရေကြီးရေလျှံမှုကြောင့်သေဆုံးခဲ့သည့် ပြည်သူများအတွက် နိုင်ငံတော်မှထောက်ပံ့သည့် ထောက်ပံ့ငွေများအား သက်ဆိုင်ရာ မိသားစုများထံရောက်ရှိရေး စနစ်တကျကြပ်မတ်ဆောင်ရွက်သွားရန်၊ ရေဝင်ရောက်မှုကြောင့်ပျက်စီးသွားသည့် လူနေအိမ်အမျိုးအစားအလိုက် ထောက်ပံ့ရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ပေးရန်၊ နေရပ်ပြန်ပြည်သူများပြန်လည်နေထိုင်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန်၊ ထိခိုက်ပျက်စီးမှုရှိခဲ့သော လျှပ်စစ်ဓာတ်အားလိုင်းတိုင်များ အမြန်ဆုံးပြန်လည်ပြင်ဆင်ရန်၊ ရေဝင်ရောက်မှုကြောင့် ပျက်စီးဆုံးရှုံးသွားသော မိုးစပါးနှင့် အခြားသောသီးနှံများအတွက်သင့်လျော်သည့် အစားထိုးသီးနှံများကို စနစ်တကျစိုက်ပျိုးရန်၊ မွေးမြူရေးကဏ္ဍတွင် ကျွဲ၊ နွားနှင့်အခြားသော တိရစ္ဆာန်များကို စနစ်တကျပြန်လည် မွေးမြူနိုင်ရန်အတွက် လိုအပ်သည့်ထောက်ပံ့မှုများ ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း ပြောကြားသည်။
ယင်းနောက် ဌာနဆိုင်ရာတာဝန်ရှိသူများက သဘာဝဘေးနှင့်ပတ်သက်၍ လက်ရှိလုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် ပြန်လည်ထူထောင်ရေးအခြေအနေများကို သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း (ပြန်/ဆက်)