နေပြည်တော် စက်တင်ဘာ ၃၀
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီး ရဲမိုးနှင့် ဦးမြင့်စိုး၊ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ်၊ အေးချမ်းသာကျေးရွာ၊ အောင်သိဒ္ဓိရတနာပုံကျောင်းတိုက်သို့သွားရောက်ပြီး ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တခေမိန္ဒအား ဖူးမြော်ကြည်ညိုကာ ဆွမ်းဆန်တော်၊ ဆီ၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် အဆိုပါကျောင်းတိုက်၌ ရေဘေးသင့်ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံပြီး အားပေးစကားပြောကြားကာ ဆန်၊ ဆီ၊ စားသောက်ကုန်ပစ္စည်များ၊ အဝတ်အထည်နှင့် လူသုံးကုန်ပစ္စည်းများ၊ နေပြည်တော်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သည့် နေအိမ်မျောပါပျက်စီးသွားသော လူနေအိမ်များအတွက် ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုးပါ ကယ်ဆယ်ရေးပုံးများကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ယင်းနောက် တက်ရောက်လာကြသည့် ရေဘေးသင့်ပြည်သူများက လိုအပ်ချက်များကို တင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် လယ်ဝေးမြို့နယ်၊ အလယ်ကျွန်းကျေးရွာအုပ်စု၊ ကွင်းအမှတ် (၁၇၄၃)ကွင်းတွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ပူးပေါင်းပြီး ရေကြီးနစ်မြုပ်ခြင်းကြောင့် ပျက်စီးသွားသည့် သီးနှံများအား ပြန်လည်စိုက်ပျိုးနိုင်ရန် မြေပြုပြင်ခြင်း၊ မျိုးစေ့ထောက်ပံ့ပေးအပ်ခြင်းနှင့် စိုက်ပျိုးခြင်းလုပ်ငန်းများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ နေပြည်တော်စက်မှုလယ်ယာဦးစီးဌာနမှ လယ်ထွန်စက်ကြီးများဖြင့် လယ်ယာမြေများ မြေပြုပြင်ခြင်းလုပ်ငန်းနှင့် လက်စွဲမျိုးစေ့ချကိရိယာဖြင့် မိုးစပါးစိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် အဆိုပါစိုက်ကွင်းရှိ ရှင်းလင်းဆောင်၌ တောင်သူများနှင့်တွေ့ဆုံရာ လယ်ဝေးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက လယ်ဝေးမြို့နယ်အတွင်း မိုးစပါးရေကြီးနစ်မြုပ်ပြီး ထိခိုက်ပျက်စီးဧကများအပေါ် ပြန်လည်စိုက်ပျိုးမည့်အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက သဘာဝဘေးဖြစ်ပွားမှုကြောင့် လယ်ယာမြေများစိုက်ပျိုးသီးနှံများ များစွာထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ပါကြောင်း၊ ပြန်လည်စိုက်ပျိုးနိုင်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အားသွန်ခွန်စိုက် ဆောင်ရွက်လျက်ရှိကြောင်း၊ ရေနစ်မြုပ်သွားသည့် လယ်ယာမြေများတွင် ပြန်လည်စိုက်ပျိုးရမည့် စပါးအပါအဝင် အခြားသီးနှံများ၊ ဆီထွက်သီးနှံများကို အမြန်ပြန်လည်စိုက်ပျိုးနိုင်ရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် နေပြည်တော်ကောင်စီဝင်များက ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးခဲ့သည့် လယ်မြေများအတွက် စပါးမျိုးစေ့များကို တောင်သူများအား ထောက်ပံ့ပေးအပ်ပြီး လူနေအိမ်မျောပါခဲ့သည့် နေအိမ်နှစ်လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုးပါ ကယ်ဆယ်ရေးပုံးများကို ထောက်ပံ့ပေးအပ်သည်။
ယင်းနောက် တက်ရောက်လာကြသည့် တောင်သူများက လိုအပ်ချက်များကို တင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ထိုမှတဆင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် လယ်ဝေးမြို့နယ်၊ အေးချမ်းသာကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာ ဇနိတာရာမကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဇနိန္ဒအား သွားရောက်ဖူးမြော်ကြည်ညိုပြီး ဆွမ်းဆန်တော်၊ ဆီ၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် အဆိုပါကျောင်းတိုက်၌ ရေဘေးသင့်ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံပြီး အားပေးစကားပြောကြားကာ ဆန်၊ ဆီ၊ စားသောက်ကုန်ပစ္စည်များ၊ အဝတ်အထည်နှင့် လူသုံးကုန်ပစ္စည်းများ၊ ထမင်းဘူးများကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် ကော်မတီဝင်များ၊ တာဝန်ရှိသူများလိုက်ပါလျက် ပျဉ်းမနားမြို့နယ်၊ ဆင်သေကျေးရွာအတွင်း ရေကြီးရေလျှံမှုကြောင့် တင်ကျန်ခဲ့သည့် အမှိုက်များ၊ ဒိုက်များရှင်းလင်းခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများကို နေပြည်တော်စည်ပင် သာယာရေးကော်မတီမှ ဝန်ထမ်းများ၊ လုပ်သားများနှင့် စက်ယန္တရားများဖြင့် ရှင်းလင်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးကာ လုပ်ငန်းဆောင်ရွက်နေကြသည့် နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများနှင့် လုပ်သားများအား စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း (ပြန်/ဆက်)