နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အတွင်း သဘာဝဘေး ရေကြီးရေလျှံမှုကြောင့် စိုက်ပျိုးလယ်ယာမြေများ ထိခိုက်ပျက်စီးမှုအပေါ် ပြန်လည်ပြုပြင် စိုက်ပျိုးနိုင်ရေးနှင့် နေအိမ်မျောပါပျက်စီးမှုများ ထောက်ပံ့နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

နေပြည်တော် စက်တင်ဘာ ၃၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း သဘာဝဘေးရေကြီးရေလျှံမှုကြောင့် စိုက်ပျိုးလယ်ယာမြေများ ထိခိုက်ပျက်စီးမှုအပေါ် ပြန်လည်ပြုပြင်ပြီး ရာသီ သီးနှံများ စိုက်ပျိုးနိုင်ရေးနှင့် နေအိမ်မျောပါပျက်စီးမှုများ ထောက်ပံ့နိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ်အဆင့်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဝင်များ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့မှုများအပေါ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အတတ်နိုင်ဆုံး မူလအနေအထားရောက်ရှိအောင် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ရေကြီးမှုကြောင့် ပျက်စီးသွားသည့် သီးနှံများ အမြန်ပြန်လည်အစားထိုးစိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်အလိုက် အစီအမံများဖြင့် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ စိုက်ပျိုးမြေများ ပြန်လည်ဖော်ဆောင်ခြင်း၊ ရေတိုက်စားမှုကြောင့် လမ်း၊ တံတားများ၊ ဆည်မြောင်းများ၊ လမ်းမီးတိုင်များနှင့် ဆက်သွယ်ရေးတိုင်များအား အမြန်ဆုံးပြုပြင်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ မွေးမြူရေးလုပ်ငန်းများ ပြန်လည်ဆောင်ရွက်ရန်အတွက် စနစ်တကျမွေးမြူစေရေးနှင့် မွေးမြူရေးဇုန်များတွင် ပြန်လည်မွေးမြူနိုင်ရေးတို့ကို ဆောင်ရွက်ကြစေလိုကြောင်း၊ ရေတွင်းရေထုတ်မြောင်းများ၊ ကုန်ထုတ်လမ်းများ၊ နုန်းများဖုံးလွှမ်းသွားသည့် စိုက်ပျိုးမြေဧကများ အမြန်ဆုံးပြန်လည်ဖော်ထုတ်ကြရမှာဖြစ်ကြောင်း၊ ဆည်ရေသောက်ဧရိယာများတွင် မိုးစပါးများပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် အမြန်ဆုံး ဆောင်ရွက်ရမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက လယ်ယာမြေများထိခိုက်ပျက်စီးမှုအပေါ် ပြန်လည်ပြုပြင်ပြီး ရာသီ သီးနှံ စိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးရေပေးဝေနိုင်ရေးတို့နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍများအလိုက် လက်ရှိဆောင်ရွက်နေသည့်အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို အသီးသီး ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တင်ပြချက်များအပေါ် လုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း (ပြန်/ဆက်)