မော်လမြိုင်၊ စက်တင်ဘာ ၃၀
မွန်ပြည်နယ် တရားမအမှုလိုက်လက်တွေ့ဘာသာရပ်သင်တန်း အမှတ်စဉ်(၁/၂ဝ၂၄) ဆင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ပြည်နယ်ဥပဒေချုပ်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေ့ဦးစွာ မွန်ပြည်နယ်ဥပဒေချုပ် ဦးမြင့်အောင်က မိမိတို့ဥပဒေအရာရှိများသည် legal providing For The Juctice ဆိုသည်စကားအတိုင်း ဥပဒေပညာဖြင့် နိုင်ငံနှင့်ပြည်သူအကျိုးကို သယ်ပိုးထမ်းဆောင်ကြမှာဖြစ်ကြောင်း၊ တရားစီရင်ရေးကဏ္ဍတွင် တရားမစီရင်ပိုင်ခွင့်အာဏာများတိုးမြှင့်ပြောင်းလဲသတ်မှတ်ခဲ့ပြီး ပြောင်းလဲသတ်မှတ်လိုက်သည့် တရားမစီရင်ပိုင်ခွင့်အာဏာအရဥပဒေရုံးများအားလုံးတွင် နိုင်ငံတော်၊ မြန်မာ့စီးပွားရေးဘဏ်မှစွဲဆိုသည့် တရားမမှုခင်းများရှိလာနိုင်ကြမည်ဖြစ်၍ ဥပဒေအရာရှိများအနေဖြင့် တရားမမှုခင်းများကို လိုက်ပါဆောင်ရွက်ကြရာတွင် အဆင်ပြေချောမွေ့စွာ လိုက်ပါဆောင်ရွက်နိုင်စေရန် တရားမအမှုလိုက်လက်တွေ့ဘာသာရပ်ကို ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ထုတ်ဝေခဲ့သည့် တရားမကျင့်ထုံးဥပဒေလမ်းညွှန်ချက်ပါအတိုင်း ဆွေးနွေးပို့ချခဲ့ပြီးဖြစ်ကြောင်း၊ ဥပဒေအရာရှိများအနေဖြင့် သိရှိလိုသည်များကို ဆက်လက်လေ့လာဖတ်ရှုကြရန်၊ လက်တွေ့လုပ်ဆောင်ချက်များကို လေ့လာစုဆောင်းဆောင်ရွက်ကြရန်၊ ကျွမ်းကျင်မှုရှိစေရန်အတွက် အမြဲမပြတ်လေ့ကျင့်ဆောင်ရွက်ကြရန် လိုအပ်ကြောင်းပြောကြားခဲ့သည်။
ဆက်လက်၍ပြည်နယ်ဥပဒေချုပ်က သင်တန်းတွင် ပထမဆုရရှိသူ ပြည်နယ်ဥပဒေချုပ်ရုံးမှ လက်ထောက်ပြည်နယ်ဥပဒေအရာရှိ ဒေါ်အိကေခိုင်နှင့်ဆုရရှိသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ပြီး ပြည်နယ်ဥပဒေအရာရှိက သင်တန်းဆင်းဥပဒေအရာရှိများအား သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့သည်။
အဆိုပါသင်တန်းသို့ မွန်ပြည်နယ်အတွင်းရှိ ဥပဒေရုံးအဆင့်ဆင့်မှ ဥပဒေအရာရှိသင်တန်းသား၊ သင်တန်းသူ (၅၀)ဦးဖြင့် တရားမအမှုလိုက်ပညာရပ်၊ စာတွေ့၊ လက်တွေ့ ဘာသာရပ်များကို စက်တင်ဘာလ ၂၈ ရက်နေ့မှ ၂၉ ရက်နေ့အထိ သင်ကြားပို့ချပေးခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)