‌နေပြည်တော်ကောင်စီဝင် ဦးဟန်သူ သဘာဝဘေးကြောင့်ပျက်စီးခဲ့သည့် နေအိမ်များနှင့် သေဆုံးခဲ့သူ၏ မိသားဝင်များအား ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းပေးအပ်ပွဲသို့ တက်ရောက်

ဇေယျာသီရိ စက်တင်ဘာ ၃၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၌ သဘာဝဘေးကြောင့် နေအိမ်ပျက်စီးခဲ့သည့် အိမ်ထောင်စုများနှင့် သေဆုံးခဲ့သူ၏ မိသားစုဝင်များအား ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းပေးအပ်ပွဲကို ယမန်နေ့နံနက်ပိုင်းက ဇေယျာသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ကျင်းပခဲ့ရာ နေပြည်တော်ကောင်စီဝင် ဦးဟန်သူ တက်ရောက်အမှာစကား ပြောကြားခဲ့သည်။

အခမ်းအနားတွင် နေပြည်တော်ကောင်စီဝင် ဦးဟန်သူက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဇေယျာသီရိမြို့နယ် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်က ထောက်ပံ့ပေးအပ်မည့် အကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် နေပြည်တော်ကောင်စီဝင် ဦးဟန်သူနှင့် တာဝန်ရှိသူများက ဇေယျာသီရိမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ဆင်သေချောင်းရေမြင့်တက်လာမှုကြောင့် နေအိမ်များ မျောပါပျက်စီးခဲ့သည့် အိမ်ထောင်စု ၅၀ စုအတွက် နေပြည်တော် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးစီးဌာနမှ ထောက်ပံ့ပေးအပ်သည့် တစ်အိမ်ထောင်လျှင် ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုးပါပုံး တစ်ပုံးဖြင့် စုစုပေါင်း ကယ်ဆယ်ရေးပုံး ၅၀ ပုံး၊ သေဆုံးသူ ငါးဦး၏ မိသားစုဝင်များအား နိုင်ငံတော်မှ ငါးသိန်းကျပ်၊ နေပြည်တော်ကောင်စီမှ နှစ်သိန်းကျပ်နှင့် နေပြည်တော်‌ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သုံးသိန်းကျပ်ဖြင့် စုစုပေါင်း သေဆုံးသူ ငါးဦးအတွက် ငွေကျပ် ၅၀၀၀၀၀၀ ထောက်ပံ့ပေးအပ်ခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဝင် ဦးဟန်သူနှင့် တာဝန်ရှိသူများသည် စည်ပင်ကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ရောက်ရှိပြီး စည်ပင်ကြီးကျေးရွာအုပ်စုအတွင်းမှ နေအိမ်မျောပါပျက်စီးခဲ့သည့် အိမ်ထောင်စု ၄၉ စုအတွက် နေပြည်တော်‌ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သည့် တစ်အိမ်ထောင်လျှင် ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုးပါ ပုံးတစ်ပုံးဖြင့် စုစုပေါင်း ပုံး ၄၉ ပုံးနှင့် မကွေးတိုင်းဒေသကြီး တိုင်းအဆင့်ဌာနဆိုင်ရာများမှ လှူဒါန်းသည့် တစ်အိမ်ထောင်လျှင် ငွေကျပ် ၈၅၀၀၀ ဖြင့် စုစုပေါင်း အိမ်ထောင်စု ၄၉ စုအတွက် စုစုပေါင်း လှူဒါန်းငွေကျပ် ၄၁၆၅၀၀၀ အား ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)