တရုတ်နိုင်ငံသို့ လူကုန်ကူးခံရသူ အမျိုးသမီးများအား ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့က ထောက်ပံ့ပစ္စည်းများ ပေးအပ်

မန္တလေး  စက်တင်ဘာ ၃၀

မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ဘုန်းတော်တိုးရပ်ကွက်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ လူကုန်ကူးခံရသူများ ယာယီလက်ခံစောင့်ရှောက်ရေးဂေဟာ(မန္တလေး)တွင် ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့က လူကုန်ကူးခံရသည့် အမျိုးသမီးများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲကို စက်တင်ဘာလ ၂၇ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီက အဆိုပါဂေဟာတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ လူကုန်ကူးခံရသူများ ယာယီလက်ခံစောင့်ရှောက်ရေးဂေဟာ(မန္တလေး)တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးနေအောင်ကျော်က လူကုန်ကူးခံရသူများ လက်ခံထားရှိမှု အခြေအနေများကို ရှင်းလင်းပြာကြားပြီး ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်အုန်းမြက လှူဒါန်းထောက်ပံ့ရခြင်းအကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် တရုတ်နိုင်ငံသို့ လူကုန်ကူးခံရသူ အမျိုးသမီး ၁၀ ဦးအတွက် အောင်မြေသာစံခရိုင်၊ အမျိုးသမီးရေးရာအဖွဲ့က ခေါက်ဆွဲ ၂ ဖာ၊ မုန့်ကြွပ်အထုပ်ကြီး ၂ ထုတ်၊ ငံပြာရည်ကြော်ဘူး ၂၀ ကိုလည်းကောင်း၊ အောင်မြေသာစံမြို့နယ် အမျိုးသမီးရေးရာအဖွဲ့က ထောက်ပံ့ငွေ တစ်သိန်းကျပ်ကို လည်းကောင်း၊ ပုသိမ်ကြီးမြို့နယ် အမျိုးသမီးရေးရာအဖွဲ့က ဆန်တစ်ပြည်၊ ဆီ ၅၀ သား၊ ခေါက်ဆွဲခြောက် ၂ ထုတ်၊ ဆား ၅၀ ကျပ်သားစီနှင့် ဆန်တစ်အိတ်ကိုလည်းကောင်း ထောက်ပံ့ပေးအပ်ကြရာ တာဝန်ခံအရာရှိ ဦးနေအောင်ကျော်နှင့် လူကုန်ကူးခံရသည့် အမျိုးသမီးလေးများက လက်ခံရယူကြသည်။

အခမ်းအနားအပြီးတွင် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့သည် အမျိုးသမီးလေးများအား တွေ့ဆုံအားပေးစကား ပြောကြားပေးကြကြောင်း သတင်းရရှိသည်။

မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)