စဉ့်ကိုင် စက်တင်ဘာ ၃၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေး မြို့နယ်အဆင့် စာရင်းစစ်/ စာရင်းကောက်သင်တန်းဆင်းပွဲ အခမ်းအနားကို ရန်အောင်မြင်ရပ်ကွက်၊ မြသီတာပန်းခြံရှိ မြို့တော်ခန်းမအတွင်း၌ စက်တင်ဘာလ ၂၈ ရက် မွန်းလွဲ ၁ နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးပြည့်ဖြိုးအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်သန်းခေါင်စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးဉာဏ်စိုးက သန်းခေါင်စာရင်းကောက်ယူရေး စာရင်းစစ်/ စာရင်းကောက်သင်တန်းသားများအနေဖြင့် ယခုဖွင့်လှစ်ပို့ချ သင်ကြားခဲ့သည့် သင်တန်းကို အောင်မြင်စွာ သင်ယူလေ့လာခဲ့ပြီးဖြစ်၍ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရာတွင် စာရင်းသွင်းရမည့် အချက်အလက်များနှင့် စာရင်းမသွင်းရမည့် အချက်အလက်များအား တိကျမှန်ကန်စွာ ရရှိစေရေး ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ မိမိတို့ အစမ်းလေ့ကျင့် ကောက်ယူခဲ့သည့် အတွေ့အကြုံများ၊ စွမ်းဆောင်နိုင်မှု အရည်အသွေးများနှင့် စိတ်စေတနာကောင်းများကို ပေါင်းစပ်ပြီး အောင်မြင်အောင် ဆောင်ရွက်ကြစေလိုကြောင်းနှင့် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို အမျိုးသားရေးတာဝန်အဖြစ်ခံယူကာ အောင်မြင်စွာကောက်ယူနိုင်ရေး ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကြောင်း စသည့်အကြောင်းအချက်များကို အမှာစကား ပြောကြားခဲ့သည်။
ထို့နောက်စာရင်းစစ်/စာရင်းကောက် သင်တန်းသားများအား အဖွဲ့ခွဲ၍ မိမိတို့ ကွင်းဆင်းကောက်ယူရမည့် ရပ်ကွက်/ကျေးရွာများအလိုက် တာဝန်ပေးအပ်ခဲ့ပြီး သင်တန်းသားများမှ အခက်အခဲများနှင့် လိုအပ်ချက်များကို ဆွေးနွေးတင်ပြခဲ့ရာ တာဝန်ရှိသူများက လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်း ပေးခဲ့ကြကြောင်းသိရသည်။
သင်တန်းဆင်းပွဲ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးပြည့်ဖြိုးအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်သန်းခေါင်စာရင်းကောက်ယူရေး ကြီးကြပ်မှုကောက်မတီ အတွင်းရေးမှူး လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးဉာဏ်စိုးနှင့် ဝန်ထမ်းများ၊ စာရင်းစစ်/စာရင်းကောက် နည်းပြများ၊ သင်တန်းသား/သူများနှင့်၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကျော်စွာ (စဉ့်ကိုင်)