စဉ့်ကိုင်မြို့နယ်၌ သန်းခေါင်စာရင်းကောက်ယူရေး သင်တန်းသားများ လက်တွေ့စမ်းသပ်ကွင်းဆင်း ကောက်ယူ

စဉ့်ကိုင် စက်တင်ဘာ ၃၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်းစာရင်း ကောက်ယူနိုင်ရေးအတွက် မြို့နယ်အဆင့် စာရင်းစစ်/ စာရင်းကောက် သင်တန်းသားများက မြေပြင်လက်တွေ့ စမ်းသပ်ကွင်းဆင်း ကောက်ယူခြင်းကို စက်တင်ဘာလ  ၂၈  နံနက်ပိုင်းက မြို့သစ်ရပ်ကွက်၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ခြင်းကို အ.ထ.က(စဉ့်ကိုင်)တွင် ဖွင့်လှစ်ပို့ချနေသည့် သင်တန်းနည်းပြများနှင့် သင်တန်းသား (၁၆၃)ဦးတို့က အဖွဲ့ခွဲ၍ အိမ်ခြေ (၉၀)အား မြေပြင်လက်တွေ့စမ်းသပ်ကွင်းဆင်း ကောက်ယူခဲ့ကြခြင်းဖြစ်သည်

အဆိုပါ လက်တွေ့ကွင်းဆင်း ကောက်ယူနေမှုအား မြို့နယ်သန်းခေါင်စာရင်း‌ ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး၊ လူဝင်မှုကြီးကြပ်‌ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးဉာဏ်စိုးနှင့် တာဝန်ရှိသူများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျော်စွာ (စဉ့်ကိုင်)