မြစ်သား စက်တင်ဘာ ၃၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး မြို့နယ်အဆင့်စာရင်းစစ် စာရင်းကောက်သင်တန်းဆင်းပွဲ အခမ်းအနားကို စက်တင်ဘာလ ၂၈ ရက်နေ့ မွန်းလွဲ(၃)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်မင်းမှ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းတွင် မိမိတို့အတွေ့အကြုံ၊ စွမ်းဆောင်နိုင်မှုအရည်အသွေး၊ စိတ်စေတနာကောင်းများနှင့်ပေါင်းစပ်ပြီး အောင်မြင်အောင်ဆောင်ရွက်ကြစေလိုကြောင်းနှင့် လိုအပ်ချက်များရှိပါက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို အမျိုးသားရေးတာဝန်အဖြစ်ခံယူနိုင်ရေး ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးပမ်းဆောင်ရွက်ပေးကြရန် သင်တန်းဆင်းဖွင့်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မင်း၊ မြို့နယ်စီမံအုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးဘိုဘိုအောင်၊ ကျောက်ဆည်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းအောင်၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးတင်ထွန်းတို့က စာရင်းစစ်(၄၇)ဦး၊ စာရင်းကောက်(၁၇၇)ဦး သင်တန်းသား၊ သင်တန်းသူများတို့အတွက် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ရာ သင်တန်းသားများကိုယ်စား သင်တန်းသား(၄)ဦးက လက်ခံရယူခဲ့ကြသည်။
မြစ်သားမြို့နယ်တွင် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း မြို့နယ်အဆင့်စာရင်းစစ် စာရင်းကောက်သင်တန်းဆင်းပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မင်း၊ မြို့နယ်စီမံအုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးဘိုဘိုအောင်၊ ကျောက်ဆည်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းအောင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးတင်ထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးဝင်း၊ သန်းခေါင်စာရင်းကောက်ကော်မတီအဖွဲ့ဝင်များ၊ သင်တန်းသား၊ သင်တန်းသူများ စုစုပေါင်း (၂၄၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(မြစ်သား)