ကျောက်ဆည်မြို့ အမှတ်(၅) အခြေခံပညာမူလတန်းလွန်ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲကျင်းပ

ကျောက်ဆည် စက်တင်ဘာ  ၃၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ အမှတ်(၅)အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိပြီး အသိပညာ ဗဟုသုတများရရှိစေရန်ရည်ရွယ်၍ ယမန်နေ့မွန်လွဲ(၃)နာရီက အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အသိပညာပေးဟောပြောပွဲတွင် အမှတ်(၅) အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဦးအောင်ကျော်ဦးက ငယ်ရွယ်စဉ်အချိန်ကပင် ကျောင်းစာအပြင် ပြင်ပစာပေများ ဖတ်ရှုတတ်သည့် အလေ့အကျင့်များ ရရှိစေရန်နှင့် စာပေဖတ်ရှုခြင်းဖြင့် လိမ္မာယဉ်ကျေးပြီး အမှားအမှန် ဆုံးဖြတ်တတ်စေရန်၊ အောင်မြင်သော လူတော်လူကောင်းများဖြစ်လာကြစေရန် အသိပညာပေးဟောပြောပွဲများ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက ငယ်စဉ်အခါမှာ ကစားချိန်ကစား၊ စားချိန်စားပြီး အချိန်ရသည့်အခိုက်တွင် စာပေများဖတ်ရှုခြင်းဖြင့် နောင်အချိန်တွင် လူအများအလယ်၌ တင့်တယ်ပြီး မိမိကိုယ်ကို ယုံကြည်စိတ်ချပြီး ခေါင်းဆောင်ကောင်းများ ဖြစ်မှာဖြစ်ကြောင်း၊ ဗဟုသုတ အသိပညာများ ပြည့်ဝနေပါက လိုအပ်သည့်နေရာတွင် လိုအပ်သလို အလွယ်တကူလုပ်ဆောင်နိုင်သည့်အတွက် အောင်မြင်ကြီးပွားသူများ အလွဲဧကန် ဖြစ်စေမှာ ဖြစ်ကြောင်း အသိပညာပေးဟောပြောခဲ့သည်။ 

အသိပညာပေးဟောပြောပွဲအပြီးတွင် ကျောင်းသား/ကျောင်းသူများက ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ အရွယ်မရောက်သေးသူကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေး၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များအား  စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)