မိတ္ထီလာ စက်တင်ဘာ ၃၀
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညောင်မြင့်ကျေးရွာအုပ်စု၊ ပျော်ကုန်းကျေးရွာရှိ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိပြီး မိသားစုဝင်ငွေတိုးပွားလာစေရန်နှင့် တိုးပွားလာသောရန်ပုံငွေများဖြင့် ကျေးရွာအတွက် အမှန်တကယ် လိုအပ်သည့် ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်နိုင်စေရန် ရည်ရွယ်၍ အရင်းမပျောက် လည်ပတ်ရန်ပုံငွေ (ပထမ)အကြိမ်မြောက် ထုတ်ချေးခြင်းကို စက်တင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မိတ္ထီလာမြို့နယ်ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းက မြစိမ်းရောင်ကျေးရွာစီမံကိန်း၏ ရည်ရွယ်ချက်၊ အကျိုးကျေးဇူးနှင့် စီမံကိန်းလက်စွဲစာစောင်ပါ စည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြစိမ်းရောင်ကျေးရွာ စီမံကိန်းနှင့်ပတ်သက်သည့်အကြောင်းအရာများ၊ အတိုးနှုန်းနှင့် ကာလသတ်မှတ်ချက်များ၊ ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့်စည်းကမ်းချက်များအား ရှင်းလင်းပြောကြားပြီး ကျေးရွာမြစိမ်းရောင်စီမံကိန်းအဖွဲ့ဝင်များထံ လည်ပတ်ရန်ပုံငွေကျပ် ၂၉.၄ သန်းအား လွှဲပြောင်းပေးအပ်သည်။
ထို့နောက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုဖြင့် ကျေးရွာမြစိမ်းရောင်စီမံကိန်းလုပ်ငန်း အဖွဲ့ဝင်များက ပျော်ကုန်းကျေးရွာတွင် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ ၁၈ ဦး ငွေကျပ် ၉.၃ သန်း၊ ကုန်ထုတ်လုပ်ငန်းလုပ်ကိုင်သူ ၃၅ ဦး ငွေကျပ် ၁၆.၉ သန်း၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ၆ ဦး ငွေကျပ် ၃.၂ သန်း၊ စုစုပေါင်း ၅၉ဦး ၊ငွေကျပ် ၂၉.၄ သန်းအားအသီးသီး ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)