ညောင်ရွှေ စက်တင်ဘာ ၃၀
ရှမ်းပြည်နယ်၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနဦးဆောင်၍ အထူးကုသမားတော်ကြီးများပါဝင်သည့် ကုသရေးအဖွဲ့သည် ရေဘေးသင့်ပြည်သူများအတွက် ကွင်းဆင်းကုသမှုဆောင်ရွက်ခြင်းကို စက်တင်ဘာလ ၂၇ ရက်နေ့ နံနက် (၁၀)နာရီက ညောင်ရွှေမြို့ ရွှေရေကျဘုန်းတော်ကြီးကျောင်း၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါ ကွင်းဆင်းကုသရေးအဖွဲ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာဝင်းနိုင်ဦးဆောင်သော တောင်ကြီးမြို့ စဝ်စံထွန်းပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းမော်ဦး၊ တောင်ကြီးမြို့ အမျိုးသမီးနှင့်ကလေးဆေးရုံအုပ်ကြီး ဒေါက်တာ မောင်မောင်သိန်း၊ အထူးကုခွဲစိတ်ဆရာဝန်များ၊ သားဖွား/မီးယပ်အထူးကု၊ ကလေးအထူးကုဆရာဝန်များနှင့် သူနာပြုများ၊ ဆေးဘက်ကျွမ်းကျင်ဝန်ထမ်းများပါဝင်ပြီး ရေဘေးသင့်ပြည်သူ အထွေထွေရောဂါဝေဒနာရှင် (၇၇)ဦး၊ ခွဲစိတ်ရောဂါဝေဒနာရှင် (၂၀)ဦး၊ သားဖွား/မီးယပ်ရောဂါဝေဒနာရှင် (၈)ဦး၊ ကလေးရောဂါဝေဒနာရှင် (၂၃)ဦး၊ သွားရောဂါဝေဒနာရှင် (၁)ဦး စုစုပေါင်း ရောဂါဝေဒနာရှင် (၁၂၉)ဦးတို့အား ဆေးဝါးကုသမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ