ကျောက်ဆည် စက်တင်ဘာ ၃၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ဆင်အကအလှပြိုင်ပွဲနှင့် ဆင်လှူပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဆင်အက အလှပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ ဦးအောင်ဇော်ဦးက ဆင်အကအလှပြိုင်ပွဲကို ယခင်နှစ်များအတိုင်း သီတင်းကျွတ်လဆန်း (၁၄)ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဆုကြေးများကိုလည်း ယခင်နှစ်များထက် ပိုမိုချီးမြှင့်သွားမည်ဖြစ်ကြောင်းနှင့် ဆင်အကအလှပြိုင်ပွဲအား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး မြို့မိ၊ မြို့ဖများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဆင်အကအဖွဲ့များအနေဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြစေလိုကြောင်း၊ ပြိုင်ပွဲတွင်အခက်အခဲများရှိပါက ဆွေးနွေးတင်ပြကြစေ လိုကြောင်းနှင့် ဘော်ကြယ်၊ ရိုးရာ၊ ကလေးဆင်အဖွဲ့များအနေဖြင့် ပြိုင်ပွဲများအလိုက် ပါဝင်ယှဉ်ပြိုင်သွားနိုင်ရေး ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်လာသော မြို့မိ၊မြိုဖများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဆင်အကအဖွဲ့များက ယခင်နှစ်များကကြုံတွေ့ရသည့် အခက်အခဲများနှင့်ပတ်သက်၍ အသီးသီးတင်ပြကြရာ လုပ်ငန်းများအောင်မြင်ရေး ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့ပြီး ဆင်အကအလှပြိုင်ပွဲကို ယခင်နှစ်များကဲသို့ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
သက်မောင်