မင်းလှမြို့တွင် (၁၈) ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့ ဟောပြောပွဲပြုလုပ်

မင်းလှ စက်တင်ဘာ ၂

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက (၁၈) ကြိမ်မြောက်၊ ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် အ.ထ.က မင်းလှ(မြို့ပြင်)ကျောင်းတွင် ခွေးရူးရောဂါကာကွယ်ရေး ပညာပေးဟောပြောပွဲ ပြုလုပ်သည်။

ဟောပြောပွဲတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာကျော်ဝင်း ခွေးရူးရောဂါသည် တိရစ္ဆာန်မှ လူသို့ကူးစက်တတ်ကြောင်း၊ ခွေးရူးရောဂါဆိုတာဘာလဲ၊ ‌ရောဂါကူးစက်ခံရနိုင်သည့် နည်းလမ်းများနှင့် ကာကွယ်ရန်နည်းလမ်းများစသည့်တို့ကို အသိပညာပေးဟောပြောပြီး၊ ဒုတိယဦးစီးမှူး ဒေါက်တာမေမြတ်မွန်က မိမိအိမ်မွေးတိရစ္ဆာန်များကို ရောဂါမဖြစ်ပွားအောင်ဆောင်ရွက်သင့်သည့် အချက်များ၊ ကာကွယ်ဆေးမဖြစ်မနေထိုးနှံကြရန် အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် ဟောပြောပွဲတတ်ရောက်သည့် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်စန်းဝင်းနှင့် ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများ စုစုပေါင်း (၁၂၀) ဦးခန့်အား ခွေးရူးရောဂါကာကွယ်တားဆီးရေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ပေါက်စ