လယ်ဝေးမြို့နယ်အတွင်းရှိ ရေနစ်မြုပ်ခဲ့သည့် ကျေးရွာများတွင် အထူးကုဆရာဝန်ကြီးများက နယ်လှည့်ကွင်းဆင်းကုသပေးလျက်ရှိ

လယ်ဝေး စက်တင်ဘာ ၂၉

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း စစ်တောင်းမြစ်ရေဝင်ရောက်မှုကြောင့် မြစ်ကမ်းဘေးဝဲယာရှိ ကျေးရွာအချို့ရေကြီးနစ်မြုပ်ခြင်းများ ဖြစ်ပေါ်ခဲ့သည်။

အဆိုပါရေကြီးနစ်မြုပ်သည့်ကျေးရွာများတွင် ယခုအခါ ရေများပြန်လည်ကျဆင်းသွားပြီဖြစ်၍ ပြည်သူများ ပြန်လည်နေထိုင်ရန်အတွက် ဌာနဆိုင်ရာများက ကဏ္ဍအလိုက်ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းမှစတင်၍ လယ်ဝေးမြို့နယ်၊ အေလာတိုက်နယ်၊ နနွင်းအိုင်ကျေးရွာတွင် ကုတင်(၁၀၀၀)အရေပြားအထူးကုဆရာဝန်ကြီးအဖွဲ့နှင့် လယ်‌ဝေးမြို့နယ် ကျန်းမာ‌ရေးဝန်ထမ်းများက ကျေးရွာအတွင်းရှိ ရေ‌ဘေးသင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ရာ အရေပြားရောဂါ ၂၉ ဦး၊ အထွေထွေရောဂါလူနာ ၆၁ ဦး၊ စုစုပေါင်းလူနာ ၉၀ ဦးကို ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့သည်။

ထို့အတူ အေးချမ်းသာ၊ နနွင်းအိုင်၊ ရုံးပင်၊ ဘို့ကိုးလုံး၊ ကြို့တန်း၊ ညောင်ပင်အိုင်၊ ရွှေတိုက်တန်းကျေးရွာများတွင်လည်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကွင်းဆင်းဆေးကုသပေးခြင်း၊ ကလိုရင်းခပ်ခြင်းနှင့် ကျန်းမာရေးပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝေကြည် (ပြန်/ဆက်)