ကျောက်တလုံးကြီး စက်တင်ဘာ ၂၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် (၂၀၂၄) ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်/စာရင်းကောက် သင်တန်းဆင်းပွဲကို ကျောက်တလုံးကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် စက်တင်ဘာလ ၂၇ ရက် နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ကျောက်တလုံးကြီးမြို့ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူးဦးသက်နိုင်က အမှာစကားပြောကြားပြီး မြို့အုပ်ချုပ်ရေးမှူးနှင့် နယ်မြေစခန်းမှူးရဲအုပ်ဇေလတ်တို့က သင်တန်းသား/သူများအား သင်တန်းဆင်းလက်မှတ်ကို ပေးအပ်ခဲ့သည်။
အဆိုပါ သင်တန်းကို နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များအတွက် မူဝါဒများချမှတ်ခြင်း၊ စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံထားရမည့် လူဦးရေဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များကို ရရှိရန် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ခဲ့ပြီး သင်တန်းသို့ စာရင်းစစ် ၁၂ ဦး၊ စာရင်းကောက် ၄၄ ဦး၊ သင်တန်းသား/သူ စုစုပေါင်း ၅၆ ဦး တက်ရောက်ခဲ့ကြကြောင်းနှင့် စက်တင်ဘာလ ၁၆ ရက်နေ့မှ ၂၇ ရက်နေ့အထိ သင်တန်းပို့ချပေးခဲ့ကြောင်း သိရသည်။
ဇော်နိုင်လင်း(ပြန်/ဆက်)