ချမ်းအေးသာစံ စက်တင်ဘာ ၂၈
၂၀၂၄ခုနှစ်၊ လူဦးရေနှင့အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေး မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်များသင်တန်းဆင်းပွဲအခမ်းအနားကို မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် ပညာရေးဒီဂရီကောလိပ်(မန္တလေး)တွင် စက်တင်ဘာလ ယနေ့နံနက် (၉)နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေး မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်များသင်တန်းဆင်းပွဲအခမ်းအနားတွင် မြို့နယ်သန်းခေါင်စာရင်းကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝေယံမင်းသွင်က အဖွင့်အမှာစကားပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးဦးဝေလင်းက လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေး စာရင်းစစ်၊ စာရင်းကောက်များ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တာဝန်ရှိသူများက စာရင်းစစ်၊ စာရင်းကောက် သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြသည်။
၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁)ရက်နေ့မှ (၁၅)ရက်နေ့ထိ ဆောင်ရွက်မည့် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေးနှင့်ပတ်သတ်ပြီး ချမ်းအေးသာစံမြို့နယ်အနေဖြင့် ရပ်ကွက် (၂၀)၊ စာရင်းကောက်ကွက် (၂၅၆)ကွက်ရှိကာ စာရင်းစစ် (၂၃)ဦး၊ စာရင်းကောက် (၁၀၆)ဦးတို့ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းထွန်းနိုင်