ညောင်ဦး စက်တင်ဘာ ၂၈
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပခဲ့ကြောင်းသိရသည်။
လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် သန်းခေါင်စာရင်းကော်မတီ ဥက္ကဋ္ဌ ဦးနန်းတင့်က ၂၀၂၄ ခုနှစ်၊ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းသည် နိုင်ငံတော်အတွက်အလွန်အရေးပါပြီး အမျိုးသားရေး တာဝန်တစ်ရပ်ဖြစ်ကြောင်းနှင့် လက်တွေ့သင်ကြားပေးထားခဲ့သည့် ဘာသာရပ်အလိုက် မြေပြင်ကွင်းဆင်းကောက်ယူရာတွင် မထပ်၊ မကျန်ထိရောက်မှုဖြင့် သတ်မှတ်ချိန် အတွင်းအောင်မြင်စွာ ကောက်ယူကြစေလိုကြောင်း အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးလှငြိမ်းက လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရာတွင် လိုအပ်သော Mobile Tablet များ အသီးပေးအပ်ထားခဲ့ပြီးဖြစ်ကြောင်း၊ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေး အားလုံးစုပေါင်းညီညာစွာ ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
အဆိုပါ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများ၊ သန်းခေါင်စာရင်းကောက်ယူနိုင်ရေး သင်တန်းနည်းပြများ၊ သန်းခေါင်စာရင်း ကောက်ယူရေးအဖွဲ့များ၊ ကြီးကြပ်မည့် ဌာနဆိုင်ရာခေါင်းဆောင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဒီပါလင်း