ပူတာအိုမြို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဆင်း

ပူတာအို စက်တင်ဘာ ၂၈

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ၂၀၂၄ ခုနှစ် အောက်တိုဘာ (၁)ရက်နေ့မှ(၁၅)ရက်နေ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကောက်ယူမည့် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းအောင်မြင်စွာ ကောက်ယူနိုင်ရေးအတွက် ဖွင့်လှစ်ခဲ့သည့် မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဆင်းပွဲအခမ်းအနားကို စက်တင်ဘာ(၂၇) ရက် ညနေ(၃)နာရီက ပူတာအိုခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်လွင်က သင်တန်းသား/သူများအနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကောက်ယူမည့် သန်းခေါင်စာရင်းများ အမှန်ရရှိအောင် စေတနာထားပြီး ထဲထဲဝင်ဝင် ကောက်ပေးကြရန် တိုက်တွန်းမှာကြားလိုကြောင်း အမှာစကားပြောကြားပြီး လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဦးဗိုလ်မြင့်က သင်တန်းသား/သူများ သင်တန်းတက်ရောက်စဉ်နှင့် စာရင်းကောက်ယူစဉ်ကာလအတွင်း ရရှိမည့်ခရီးစရိတ်၊ တည်းခိုစရိတ်နှင့် နေ့တွက်စရိတ်များ ခံစားရရှိမည့်ကိစ္စနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီ ဥက္ကဋ္ဌ ဦးကျော်ကျော်လွင်နှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းဆွေဦးတို့က သင်တန်းဆင်းလက်မှတ်များ ပေးအပ်ရာ သင်တန်းသား သင်တန်းသူများတစ်ဦးချင်း လက်ခံရယူသည်။

အဆိုပါ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းများကို ပူတာအိုမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်(၁၁)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၁၄)အုပ်စုတို့တွင် စာရင်းကောက်ကွက် (၁၂၉)ကွက်တွင် စာရင်းကောက် အဖွဲ့(၁၂)ဖွဲ့နှင့် စာရင်းစစ်၊ စာရင်းကောက်(၅၈)ဦးတို့ဖြင့် ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)