တာချီလိတ်မြို့၌ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းဆင်းပွဲကျင်းပ

တာချီလိတ် စက်တင်ဘာ ၂၈

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ တာချီလိတ်မြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၏ အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၆) သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါသင်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာနယ်မြေခံတပ်နယ်မှ ယာယီဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး သန့်လှိုင်ဝင်းနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းကိုတို့က အမှာစကားပြောကြားပြီး အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ယဉ်ယဉ်ထွေးက သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များအား ရှင်းလင်းတင်ပြကာ သင်တန်းတွင် ထူးချွန်ဆုရရှိသူများနှင့် သင်တန်းဆင်းလက်မှတ်များကို တာဝန်ရှိသူတို့က ပေးအပ်ချီးမြှင့်ပြီး သင်တန်းသားများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

အဆိုပါသင်တန်းသို့ ခရိုင်အတွင်းရှိ အမျိုးသမီးငယ်(၃၀)ဦးတက်ရောက်ခဲ့ပြီး နိုင်ငံတော်မှ ကျောင်းအိပ်ကျောင်းစား စားရိတ်ငြိမ်းနှင့်သင်ထောက်ကူပစ္စည်း(၃၉)မျိုး ထောက်ပံ့ပေးပြီး လက်မနှင့်စင်တီမီတာဖြင့် စက်ချုပ်နည်း(၂၂)မျိုး၊ လက်မှုပညာရပ်(၁၀)မျိုး၊ မုန့်လုပ်နည်းနှင့်ဟင်းလျာချက်ပြုတ်နည်း(၁၂)မျိုးကို ရက်သတ္တပတ်(၂၂)ပတ်ကြာ စာတွေ့လက်တွေ့ သင်ကြားပေးခဲ့ကြောင်းသိရသည်။

သန်းဇော်(တာချီလိတ်)