ရပ်စောက်၌ အမျိုးသမီးအပ်ချုပ်စက်သင်တန်းဆင်းပွဲနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကျင်းပ

ရပ်စောက် စက်တင်ဘာ  ၂၈

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အမျိုးသမီးများဝင်ငွေတိုးရေးအတွက် ဖွင့်လှစ်သည့် အပ်ချုပ်စက်သင်တန်းဆင်းပွဲနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စု၊ ရတနာပုံကျေးရွာဓမ္မာရုံ၌ ကျင်းပခဲ့ကြကြောင်း သိရသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးနိုင်ထူးက “ယခုစက်ချုပ်နည်းပညာသင်တန်းသည် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီး နိုင်ရေးနှင့် ကျေးလက်နေမိသားစုများဝင်ငွေတိုးရေးစီမံကိန်းပါ အမျိုးသမီးများအတွက် ဝင်ငွေတိုး ရေးခေါင်းစဉ်ဖြင့်ဆောင်ရွက်သည့် သင်တန်းဖြစ်ပါကြောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများ ပေါ်ထွက်လာစေရေးအတွက် သင်ကြားပေးခြင်းဖြစ်ပြီး စီမံကိန်းလုပ်ငန်းအောင်မြင်လာပါက အမျိုးသမီးများအနေဖြင့်ဝင်ငွေတိုးပွားလာပြီး လူနေမှု အဆင့် အတန်းမြင့်မားလာမည့်အပြင် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုကိုပါ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း” အမှာစကားပြောကြားသည်။

ဆက်လက်၍ အပ်ချုပ်စက်၊ ဘီတင်စက်၊ ဓားစက်၊ ထုပ်သီးရိုက်ခုံ၊ မီးပူစသည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းသုံးပစ္စည်းများကို ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများကပေးအပ်ရာ သင်တန်းသားများက လက်ခံရယူခဲ့ပြီးနောက် သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)