သံဖြူဇရပ် စက်တင်ဘာ ၂၈
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်အတွင်း စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျောင်းသားလူငယ်များ စာဖတ်သည့်အလေ့အထများရှိလာစေရန် ရည်ရွယ်၍ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက သံဖြူဇရပ်မြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း (ပညာ့ဗိမာန်) ခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ စာကြည့်တိုက်များ ဖွံဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအခမ်းအနားကို အမှတ် (၁) အခြေခံပညာကျောင်းသားကျောင်းသူများက ပညာဘဏ်တိုက်စာကြည့်တိုက်သို့ သွားကြစို့ သီချင်းဖြင့်ဖျော်ဖြေခဲ့ကြပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်က စာကြည့်တိုက်များ ရေရှည်ဖွံဖြိုးတိုးတက်ရေး၊ပြည်သူများနှင့် ကျောင်းသားကျောင်းသူများ စာဖတ်သည့်အလေ့အထများဖြစ်ပေါ်လာစေရေးနှင့် စာကြည့်တိုက်၏အခန်းကဏ္ဍ ထွန်းကားလာစေရန်ရည်ရွယ်၍ ယခုလို စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု စာပေစကားဝိုင်းများ၊ ဟောပြောပွဲများနှင့်၊ ကျပန်းစကားပြော၊ ကဗျာပုံပြင်စသည့် ပြပွဲပြိုင်ပွဲများကိုကျင်းပပေးခြင်းဖြင့် ဉာဏစွမ်းရည်ဖွံဖြိုးပြီးတီထွင်ဖန်တီးလာနိုင်သည့်စွမ်းရည်များ ရရှိလာနိုင်ပါကြောင်း ပြောကြားသည်။
ထို့နောက် ယနေ့နံနက်ပိုင်းတွင် ပါဝင်ယှဥ်ပြိုင်ခဲ့ကြသည့် အခြေခံပညာအထက်တန်းအဆင့် ကျောင်းသားကျောင်းသူ ၁၁ ဦးတို့က နှလုံးသားလှစေ ရသစာပေ၊ စာပေမြင့်မှလူမျိုးတင့်မည်၊ စိတ်ကူးအိမ်မက်ရွက်လွှင့်ရာဝယ်၊ မိတ်ဆွေကောင်းရှိခြင်း၏အကျိုး၊ ပညာဘဏ်တိုက်စာကြည့်တိုက် စသည့်ခေါင်းစဥ်များဖြင့်ကျပန်းစကားပြောပြိုင်ပွဲပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် ဆုရကျောင်းသားကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့ကဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး၊မြို့နယ်အတွင်းရှိရှင်သန်ဖွံဖြိုးတိုးတက်သည့် စာကြည့်တိုက် ၆ တိုက်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက စာအုပ်များပေးအပ်လှူဒါန်းရာ သက်ဆိုင်ရာတာဝန်ရှိသူတို့က လက်ခံရယူပြီး အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား ကျောင်းသူများက အလှဆုံးပန်းများ ပွင့်ကြပြီ သီချင်းဖြင့်ဖျော်ဖြေပေးခဲ့သည်။
ဆက်လက်၍ အခမ်းအနားတက်ရောက်လာကြသည့် တာဝန်ရှိသူများနှင့် ကျောင်းသားကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် စာအုပ်၊ စာစောင်များနှင့် နံရံကပ်စာစောင်အား စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)