ရန်ကုန် စက်တင်ဘာ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်များ၊ အသိပညာစွမ်းအား၊ အတတ်ပညာစွမ်းအား၊ အတွေးအခေါ်စွမ်းအားများ ပြည့်ဝစေပြီး လူအများရှေ့ စကားပြောဆိုရာ၌ ရဲဝံ့စွာပြောဆိုဆွေးနွေးနိုင်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတများနှင့် ပြည့်စုံပြီး ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များ ပေါ်ထွန်းလာစေရန်၊ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့နေ့လယ် (၁) နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းသင်းဌေးက အဖွင့်အမှာစကားနှင့် လူငယ်စကားဝိုင်းကျင်းပရခြင်းရည်ရွယ်ချက်ကို ပြောကြားခဲ့သည်။
ဆက်လက်၍ လူငယ်စကားဝိုင်းစတင်ခဲ့ရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှဦးစီးအရာရှိ ဒေါ်ဝါဝါဝင်းမြိုင်နှင့်အတူ တွဲဖက်ဦးဆောင်ဆွေးနွေးသူအဖြစ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းပြဆရာမ ဒေါ်သီသီလှတို့က ဦးဆောင်ဆွေးနွေးကာ ကျောင်းသား၊ ကျောင်းသူ (၆) ဦးတို့က လူငယ်နှင့်စာရိတ္တ၊ အားကစားနှင့် ကျန်းမာရေး၊ လူငယ်နှင့် ယဉ်ကျေးမှု၊ လူငယ်နှင့် နည်းပညာ၊ လူငယ်နှင့်မူးယစ်ဆေး၊ လူငယ်နှင့် စာပေအစရှိသည့် ခေါင်းစဉ်ပါအကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။
ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့သိရှိလိုသည်များ မေးမြန်းဆွေးနွေးရာ ဦးဆောင်ဆွေးနွေးသူများက သက်ဆိုင်ရာခေါင်းစဉ်အလိုက် ပြန်လည်ဆွေးနွေးခဲ့ကြပြီး ပါဝင်ဆွေးနွေးသူ ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါဆွေးနွေးပွဲသို့ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၃၀၀) ဦးခန့် တက်ရောက်ကြပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ်စာစောင်များ၊ သုတ၊ ရသစာအုပ်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
နေသူရိန်(ပြန်/ဆက်)