ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း တစ်အုပ်တစ်မ အုန်းပင်စိုက်ပျိုးပွဲတော် အခမ်းအနားတက်ရောက်

စစ်တွေ   စက်တင်ဘာ  ၂၈

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့်ဆောင်ရွက်သည့် တစ်အုပ်တစ်မ အုန်းပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်ပိုင်းက စစ်တွေ - ပလ္လင်ပြင် ကားလမ်းမကြီးနံဘေး၊ စစ်တွေတက္ကသိုလ်အနီးတွင်ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စစ်တွေတက္ကသိုလ်ပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာမများတက်ရောက်ကြသည်။

အုန်းပင်စိုက်ပျိုးပွဲတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ရခိုင်ပြည်နယ်သည် ကမ်းရိုးတန်းဒေသတစ်ခုဖြစ်သည့်အတွက်  ရှေးယခင်ကပင် အုန်းသီးနှံကိုစိုက်ပျိုးခဲ့ကြကြောင်း၊ ရခိုင်ပြည်နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းအရအုန်းသီးနှံ ၁၂၆၄၈ ဧကစိုက်ပျိုးထားကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ မိုခါမုန်တိုင်းအပြီး စစ်တွေမြို့သို့လာရောက်သည့်ခရီးစဉ်တွင် မုန်တိုင်းဒဏ်ကြောင့် သစ်ပင်များပြိုလဲ ပျက်စီးမှုများရှိခဲ့သော်လည်း အုန်းပင်များထိခိုက်မှုနည်းပါးသဖြင့် သဘာဝဘေးဒဏ်ခံနိုင်သော လေကာပင်များနှင့် အုန်းပင်များကိုတိုးချဲ့စိုက်ပျိုးရန် လမ်းညွှန်မှာကြားခဲ့ကြောင်း၊ ထို့ကြောင့် နှစ်အလိုက် အုန်းသီးနှံတိုးချဲ့စိုက်ပျိုးရေးစီမံချက်ကို ရေးဆွဲခဲ့ပြီး မြို့နယ်အလိုက်အုန်းသီးစုဆောင်းခြင်း၊ ပျိုးထောင်ခြင်း၊ ဖြန့်ဖြူးခြင်း၊ စိုက်ပျိုးခြင်းလုပ်ငန်းများကိုဆောင်ရွက်ခဲ့ကြရာ အုန်းပျိုးပင် ၅ သောင်းကျော် ပျိုးထောင်နိုင်ခဲ့ပြီး ၄၈၄ ဒသမ ၉၀ ဧက စိုက်ပျိုးခဲ့ကြောင်း၊ အခမ်းအနားသို့ တက်ရောက်လာကြသူများအနေဖြင့် အုန်းပင်များကို စနစ်တကျစိုက်ပျိုးပေးကြရန်နှင့် သက်ဆိုင်သူများကလည်း စိုက်ပျိုးပြီးအုန်းပင်များ အောင်မြင်ဖြစ်ထွန်းရေးအတွက် အပင်ပြုစုခြင်းလုပ်ငန်းများကို စနစ်တကျဆောင်ရွက်ပေးကြစေလိုကြောင်း၊ အုန်းသီးနှံကို ပင်လယ်ကမ်းရိုးတန်းအနီး ကျေးရွာများ၊ ပင်လယ်ရေမျက်နှာပြင်မြင့်တက်မှုမှ ကာကွယ်ရန်၊ ကမ်းရိုးတန်းဒေသနေ ပြည်သူများအိုးအိမ်များ ထိခိုက်ပျက်စီးမှုမှ လေဒဏ်ကာကွယ်နိုင်ရန်၊ ကမ်းရိုးတန်းဒေသရေတိုက်စားမှုနှင့် မုန်တိုင်းဒဏ်ထိခိုက်မှုမှ ကာကွယ်နိုင်ရန်၊ ရေနေသတ္တဝါများ၏ နေထိုင်စားသောက်မှုဘဝပုံစံ ဂေဟစနစ်ကိုကာကွယ်ပေးရန်၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရန်၊ အုန်းသီးနှံထွက်ကုန်များကို ကုန်ချောအဆင့်ထုတ်လုပ်နိုင်စေရန်တို့အတွက် မိမိတို့နေထိုင်ရာပတ်ဝန်းကျင် အိမ်ခြံများတွင် အုန်းသီးနှံစိုက်ပျိုးရေးကို ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဌာနဆိုင်ရာတာဝန်ရှိသူများအား စိုက်ပျိုးမည့် အုန်းပင်များကိုပေးအပ်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် သတ်မှတ်နေရာများတွင် အုန်းပင်များစိုက်ပျိုးပေးကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဌာနဆိုင်ရာများ၊ စစ်တွေတက္ကသိုလ်မှ ဆရာ၊ ဆရာမများက သတ်မှတ်နေရာများတွင် အုန်းပင်များကို စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးပြီး သက်ဆိုင်ရာဌာနမှတာဝန်ရှိသူများအား စိုက်ပျိုးပြီး အုန်းသီးနှံပင်များရှင်သန်ကြီးထွားရေးအတွက် စနစ်တကျပြုစုစောင့်ရှောက်ပေးကြရန်မှာကြားပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်းပေးခဲ့သည်။

တစ်အုပ်တစ်မ အုန်းပင်စိုက်ပျိုးပွဲအခမ်းအနားတွင် အုန်းပျိုးပင် ၃၀၀ ကျော်ကို စိုက်ပျိုးခဲ့ကြကြောင်း သတင်းရရှိသည်။

တင်ထွန်း (ပြန်/ဆက်)