အောင်မြေသာစံမြို့နယ်နှင့် မတ္တရာမြို့နယ်တို့၏ ၂ဝ၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း(မြို့နယ်အဆင့်) စာရင်းစစ်/စာရင်းကောက် သင်တန်းဆင်းပွဲနှင့်တာဝန်ပေးအပ်ပွဲကျင်းပ

မန္တလေး၊စက်တင်ဘာ ၂၈

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ အောင်မြေသာစံမြို့နယ်နှင့်မတ္တရာမြို့နယ်တို့၏ ၂ဝ၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း(မြို့နယ်အဆင့်) စာရင်းစစ်/ စာရင်းကောက်သင်တန်းဆင်းပွဲနှင့် တာဝန်ပေးအပ်ပွဲကို အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ပုလဲငွေရောင်ရပ်ကွက်၊ ၈၃လမ်း၊ ၁၉/၂၀လမ်းကြားရှိ အမှတ်(၄)အခြေခံပညာအလယ်တန်းကျောင်း၊ မြတမာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်သန်းခေါင်စာရင်း ကော်မတီ ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခေတ္တဥက္ကဋ္ဌ၊ ဗိုလ်မှူးဝင်မျိုးထွန်းနှင့်အဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစန်းထွန်းလင်း၊ မြို့နယ်သန်းခေါင်စာရင်း ကော်မတီအတွင်းရေးမှူး ဦးသိန်းလွင်၊ မတ္တရာမြို့နယ် သန်းခေါင်စာရင်း ကော်မတီအတွင်းရေးမှူး ဦးအောင်ဝင်းနိုင်နှင့်ကော်မတီဝင်များ၊ ဝန်ထမ်းများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက် ကြသည်။

အစီအစဉ်အရ အောင်မြေသာစံခရိုင် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေက အမှာစကားပြောကြားပြီး အောင်မြေသာစံမြို့နယ် စာရင်းစစ်၊ စာရင်းကောက် များအား ခန့်အပ်လွှာပေးအပ်သည်။

ထို့နောက် ခရိုင်သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ခရိုင်ဦးစီးမှူး ဦးသန်းထွန်းအောင်က မတ္တရာမြို့နယ် စာရင်းစစ်၊ စာရင်းကောက်များအား  ခန့်အပ်လွှာပေးအပ်သည်။

အဆိုပါသင်တန်းသို့ အောင်မြေသာစံမြို့နယ်မှ စာရင်းစစ်၊ စာရင်းကောက်(၁၈၇)ဦး၊ မတ္တရာမြို့နယ်မှ စာရင်းစစ်၊ စာရင်းကောက်(၂၁)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ဆယ်ရက်ဖြစ်သည်။

မန္တလေး၊အောင်မြေသာစံမြို့နယ်တွင် အိမ်ထောင်စုကောက်ကွက်(၄၁၄)ကွက်၊ အဖွဲ့အစည်း ကောက်ကွက်(၁၇)ကွက်၊ မတ္တရာမြို့ပေါ်တွင် အိမ်ထောင်စုကောက်ကွက်(၅၇)ကွက် ရှိကြောင်း သိရသည်။

(မြို့နယ်၊ပြန်/ဆက်)