ပြည်ထောင်စုနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်အတွင်း ရေကြီးနစ်မြုပ်မှုခံရသော သီးနှံများအား ပြန်လည်ကုစားရေး အသိပညာပေးဆွေးနွေး

ပုဗ္ဗသီရိ စက်တင်ဘာ ၂၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်း တိုင်ဖုန်းမုန်တိုင်း “ရာဂီ” မုန်တိုင်းကြောင့် ရေကြီးနစ်မြုပ်ဒဏ်ခံခဲ့ရသော သီးနှံစိုက်ခင်းများအား အထွက်နှုန်း ထိခိုက်မှု လျော့နည်းသက်သာစေရန်အတွက် ပြန်လည်ကုစား‌ရန်လိုအပ်သည့် နည်းစနစ်များနှင့် ပြန်လည်စိုက်ပျိုးမည့် သီးနှံများအတွက် ပျက်စီးသွားသော မြေဆီလွှာများအား ပြန်လည်ပြုပြင်‌ရေးနည်းလမ်းများ၊ ကြုံတွေ့နိုင်သော ဖျက်ပိုးများကြောင့် သီးနှံစိုက်တောင်သူများ သီးနှံပျက်စီးဆုံးရှုံးမှုမရှိစေရေး နည်းပညာပေးဆွေးနွေးပွဲအား ယမန်နေ့နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ် ဝဲကြီးကျေးရွာတွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်)၊ သီးနှံကာကွယ်ရေးဌာနခွဲ၊ မြေအသုံးချရေးဌာနခွဲနှင့် ဥယျာဉ်ခြံ၊ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဌာနခွဲမှ ညွှန်ကြားရေးမှူးများနှင့် သက်ဆိုင်ရာ ဘာသာရပ်ကျွမ်းကျင်ပညာရှင်ဝန်ထမ်းများကဦးဆောင်၍ ပြည်ထောင်စုနယ်မြေ သီးနှံကာကွယ်ရေးနှင့် မြေအသုံးချရေးတာဝန်ခံများ၊ တိုင်း/ခရိုင်/ မြို့နယ် စိုက်ပျိုးရေးဝန်ထမ်းများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် သီးနှံစိုက်တောင်သူများအား ပညာပေးဆွေးနွေးပွဲဆောင်ရွက်ခဲ့ပြီးနောက် ကွင်းဆင်းဆောင်ရွက်ခြင်း၊ ဝင်ငွေအမြန်ရလွယ်သော ဟင်းသီးဟင်းရွက်မျိုးစေ့များ၊ နည်းပညာလက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် စိုက်ပျိုးရေးဆေးကုမ္ပဏီများမှ လှူဒါန်းသည့် ပိုးသတ်ဆေးနှင့် ရွက်ဖျန်းမြေသြဇာများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သန်းသန်းနွယ်(ပုဗ္ဗ)