လသာ စက်တင်ဘာ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ် ပြည်တွင်းအခွန်ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ရွှေဆိုင်လုပ်ငန်းရှင်များအား အခွန်ဆိုင်ရာအသိပညာပေး ဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့က မြို့နယ်အခွန်ဦးစီးဌာနရုံး၌ ကျင်းပခဲ့ကြောင်းသိရသည်။
အခွန်အသိပညာပေးရှင်းလင်းပွဲတွင် လသာမြို့နယ် အခွန်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက ပြည်တွင်းအခွန်များ ဦးစီးဌာန၏လိုက်နာကျင့်သုံးနေသော အခွန်ဆိုင်ရာဥပဒေများ၊ တာဝန်ယူ ကောက်ခံလျက်ရှိသော အခွန်အမျိုးအစားများ၊ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့မှ ၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ အကျိုးသက်ရောက်စေမည့် ၂၀၂၄ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေပုဒ်မ ၁၄ ပုဒ်မခွဲ (စျ)အရ ရွှေစင်၊ ရွှေတုံးများ (စံချိန်မီ ရွှေချောင်း၊ ရွှေတုံး၊ ရွှေဒင်္ဂါးများ)နှင့် ရွှေထည်လက်ဝတ်ရတနာများ ရောင်းရငွေအပေါ်တွင်လည်းကောင်း၊ ပြည်ပမှ တင်သွင်းခြင်းအတွက် ကုန်းပေါ်ရောက်တန်ဖိုးအပေါ်တွင်လည်းကောင်း သုံးရာခိုင်နှုန်းဖြင့် ကုန်သွယ်လုပ်ငန်းခွန် ကျသင့်စေရမည့်အကြောင်း အခွန်ဆိုင်ရာ သိကောင်းစရာများ အကျယ် တဝင့် ရှင်းလင်းဆွေးနွေးသည်။
အဆိုပါအခွန်အသိပညာပေးဆွေးနွေးပွဲသို့ လသာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိ ရွှေဆိုင်လုပ်ငန်းရှင် တက်ရောက်ခဲ့ကြောင်းနှင့် ရွှေဆိုင်လုပ်ငန်းရှင်များက သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးဖြေကြားခဲ့ကြောင်း သိရသည်။
နန်းသဲနုအောင်(ပြန်/ဆက်)