မိုင်းပန် စက်တင်ဘာ ၂၈
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်သည် တာဝန်ရှိသူများလိုက်ပါလျက် စက်တင်ဘာ ၂၆ ရက်နေ့က (နမ့်စန်-မိုးနဲ-မိုင်းတုံ-မိုင်းဆတ်)သွားလမ်းပေါ်ရှိ သံလွင်တံတား(တာဆန်း) တည်ဆောက်ရေးစီမံကိန်း လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးခြင်းနှင့် မိုင်းပန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ကျင်းပသည့် လူထုတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ပြီး ရေဘေးသင့်ပြည်သူများအတွက် ဆန်၊ ဆီရိက္ခာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ပြည်နယ်သယံဇာတရေးရာဝန်ကြီးသည် မိုင်းပန်-တာဆန်းသွား လမ်းမိုင်တိုင်အမှတ် (172Km-184Km) ကြားရှိ လမ်းပိုင်းများ ပြန်လည်ပြုပြင်ပြီးစီးသွားမှုအခြေအနေ၊ တံတားအထူး (၄)အဖွဲ့မှ တာဝန်ယူတည်ဆောက်လျက်ရှိသည့် အရှည် (၂၆၆.၈၆၁)မီတာ (၈၇၅.၅၇)ပေရှိ သံလွင်(တာဆန်း) တံတားတည်ဆောက်ရေးစီမံကိန်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ သံလွင်မြစ်ရေတက်ခဲ့ခြင်းကြောင့် ရေတိုက်စားခဲ့ခြင်းအခြေအနေများ၊ တည်ဆောက်လျက်ရှိသည့် တံတားချဥ်းကပ်တံတားလမ်း တည်ဆောက်သွားမည့်အခြေအနေများအား မြေပုံနှင့်တကွ ရှင်းလင်းတင်ပြပေးခဲ့ပြီး ဝန်ကြီးက တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ယင်းနောက် ပြည်နယ်သယံဇာတရေးရာဝန်ကြီးနှင့် အဖွဲ့သည် မိုင်းပန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ လူထုတွေ့ဆုံပွဲသို့တက်ရောက်ပြီး မိုင်းပန်မြို့နယ်အတွင်း ရေဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားခဲ့သည့် လမ်းများ အမြန်ကောင်းမွန်ရေး၊ ပြိုလဲသွားသည့် ဓတ်တိုင် (၇၄)တိုင်ပြုပြင်ပြီး လျှပ်စစ်မီးအမြန်ရရှိရေးအတွက် တာဝန်ရှိသူတို့အား လမ်းညွှန်မှာကြားပြီး မိုင်းပန်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်လှိုင်မြတ်က မိုးအဆက်မပြတ်စွာရွာသွန်းမှုကြောင့် နမ့်ပန်ချောင်း ရေကြီးရေလျှံမှုအခြေအနေများအား ရှင်းလင်းတင်ပြပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ မိုင်းပန်ရေဘေးသင့်ပြည်သူများအား ထောက်ပံ့သည့် ဆန် (၇၂)အိတ်၊ ဆီ (၄၈)ပိဿာကို ဝန်ကြီးက ပေးအပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးမှ လက်ခံရယူခဲ့ပြီးနောက် တွေ့ဆုံပွဲအား ရုတ်သိမ်းလိုက်ကြောင်း သိရသည်။
ထို့နောက် ဝန်ကြီးသည် မိုင်းပန်မြို့၊ မွေတော်ဘုန်းတော်ကြီးကျောင်း၊ နောင်လုံကျောင်း၊ ကုန်းပင်းကျောင်းများရှိ ကျောင်းထိုင်ဆရာတော်ကြီးများထံ သွားရောက်ကန်တော့ခြင်းနှင့် အလှူငွေဆက်ကပ်လှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စိုင်းဇော်လတ် (ခရိုင်၊ ပြန်/ဆက်)