လယ်ဝေး စက်တင်ဘာ ၂၈
ပညာရေးဝန်ကြီးဌာန၏လမ်းညွှန်မှု၊ ဆရာအတတ်ပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်နှင်းကြည်၏ အနီးကပ်ကြီးကြပ်မှုဖြင့် ပညာရေးဒီဂရီကောလိပ်များ၊ ကာယပညာနှင့် အားကစားအခြေခံနည်းပြ/ ဒိုင်သင်တန်းအမှတ်စဥ် (၁/၂၀၂၄) ကို စက်တင်ဘာ ၁၆ ရက်မှစ၍ လယ်ဝေးမြို့အားကစားလေ့ကျင့်ရေးစခန်း၊ အမှတ် (၂)တွင် ဖွင့်လှစ်သင်ကြားလျက်ရှိသည်။
အဆိုပါသင်တန်းအား ပညာရေးဒီဂရီကောလိပ်များတွင် ကာယပညာနှင့် အားကစားလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ရန်၊ ပြောင်းလဲနေသည့်အားကစားနည်းစနစ်များ၊ ဥပဒေများကို မျက်ခြေမပြတ်သိရှိနိုင်ရန်၊ ပညာရေးဒီဂရီကောလိပ်များတွင် ကာယပညာသင်ကြားရေးသည် အရေးကြီးသည့်အခန်းကဏ္ဍမှ ပါဝင်သဖြင့် နိုင်ငံတော်အတွက်အားထားရမည့် ဗလငါးတန်ဖွံ့ဖြိုးသည့် ကျန်းမာကြံ့ခိုင်သောလူငယ်များ ပေါ်ထွန်းလာစေရေး ကာယပညာနှင့် ဖွံ့ဖြိုးရေးဆရာ၊ ဆရာမများအား အရည်အသွေးမြင့်မားစေရန်၊ ပညာ၊ အားကာပေါင်းစပ်မှုဖြင့် အာဆီယံတက္ကသိုလ်များကျောင်းသားအားကစားပွဲတော်အတွက် နိုင်ငံ့ကိုယ်စားပြုလက်ရွေးစင်များ မွေးထုတ်ပေးနိုင်ရန် စသည့်ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ပို့ချနေခြင်းဖြစ်ကြောင်း သင်တန်းမှူး၊ ဆရာအတတ်ပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲနိုင်က ပြောသည်။
သင်တန်းတွင် ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်းနှင့် ပြေးခုန်ပစ်အားကစားနည်းများ၏ အခြေခံနည်းပြ/ ဒိုင်အဖြစ် ဆောင်ရွက်နိုင်ရန်အတွက် ပညာရေးဒီဂရီကောလိပ်များမှ ကာယပညာနှင့် ဖွံ့ဖြိုးရေးဘာသာရပ်များမှ နည်းပြဆရာ၊ ဆရာမ ၁၀၀ ဦး သင်တန်းတက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ စက်တင်ဘာ ၁၆ မှ အောက်တိုဘာ ၂ ရက်နေ့အထိဖြစ်ကြောင်း သိရသည်။
ဝေကြည်(ပြန်/ဆက်)