နေပြည်တော် စက်တင်ဘာ ၂၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း သဘာဝဘေးအန္တရာယ်လျော့ပါးရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ ၂၆ ရက်နေ့ ညပိုင်းက နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ကျင်းပရာ နေပြည်တော်သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဝင်၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ နေပြည်တော်သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု အဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဝင်၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ပျက်စီးဆုံးရူံးခဲ့ရသည့် စာသင်ကျောင်းများ၊ ကျေးလက်ဆေးပေးခန်းများ အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လိုအပ်သည့် ပြင်ဆင်ခြင်းလုပ်ငန်းများ၊ သန့်ရှင်းရေးဆောင်ရွက်မှုလုပ်ငန်းများအား ဆောင်ရွက်ရန်၊ အသစ်ပြန်လည်တည်ဆောက်ရန် လိုအပ်သည့် သင်ကြားရေးအဆောက်အဦများအတွက် ယာယီသင်ကြားရေးအစီအမံများ စီစဉ်ပေးရန်၊ ရေတိုက်စားခြင်းခံရသော ဆက်သွယ်ရေးတံတားများ ကြံ့ခိုင်မှုပြည့်ဝစေရေး ဆောင်ရွက်ရန်၊ လမ်းပန်းဆက်သွယ်ရေး ယခင်အခြေအနေအတိုင်း ပြန်လည်ကောင်းမွန်မှု ရှိစေရေးနှင့် လမ်းဘေးဝဲယာတွင် ရေလွှမ်းမိုးမှုကြောင့်တင်ကျန်ခဲ့သော သဲနုန်းမြေများကို ဖယ်ရှားရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ရန်၊ ရေနုတ်မြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေးနှင့် အမှိုက်သရိုက်များ ပိတ်ဆို့မှုမရှိစေရေး စနစ်တကျဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်သွားရန်၊ ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းထောက်ပံ့သည့် အစားအသောက်များ ကျန်းမာရေးနှင့် သင့်လျော်မှုရှိစေရေး၊ သန့်ရှင်းသော သောက်သုံးရေများ ရရှိစေရန်အတွက် အဝီစိမြေအောက်ရေတွင်းများ စီမံဆောင်ရွက်ပေးရေး၊ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို စနစ်တကျစုဖွဲ့ပြီးအချိန်နှင့် တစ်ပြေးညီ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရေး၊ ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သည့် ပြည်သူများအတွက် နိုင်ငံတော်မှ ထောက်ပံ့သည့် ထောက်ပံ့ငွေများအား သက်ဆိုင်ရာ မိသားစုများထံရောက်ရှိရေး စနစ်တကျကြပ်မတ် ဆောင်ရွက်သွားရန်၊ ရေဝင်ရောက်မှုကြောင့် ပျက်စီးသွားသည့်လူနေအိမ်အမျိုးအစားအလိုက် ထောက်ပံ့ရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ပေးရန်၊ နေရပ်ပြန်ပြည်သူများ ပြန်လည်နေထိုင်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန်၊ ထိခိုက်ပျက်စီးမှုရှိခဲ့သော လျှပ်စစ်ဓာတ်အားလိုင်းတိုင်များ အမြန်ဆုံး ပြန်လည်ပြင်ဆင်ရန်၊ ရေဝင်ရောက်မှုကြောင့် ပျက်စီးဆုံးရှုံးသွားသော မိုးစပါးနှင့် အခြားသောသီးနှံများအတွက် သင့်လျော်သည့် အစားထိုးသီးနှံများကို စနစ်တကျစိုက်ပျိုးရန်၊ မွေးမြူရေးကဏ္ဍတွင် ကျွဲ၊ နွားနှင့်အခြားသော တိရစ္ဆာန်များကို စနစ်တကျပြန်လည် မွေးမြူနိုင်ရန်အတွက် လိုအပ်သည့်ထောက်ပံ့မှုများ ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ပြောကြားသည်။
ယင်းနောက် ဌာနဆိုင်ရာတာဝန်ရှိသူများက သဘာဝဘေးနှင့် ပတ်သက်၍ လက်ရှိလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် ပြန်လည်ထူထောင်ရေး အခြေအနေများကို သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်သူရဦး (ပြန်/ဆက်)