ရန်ကုန် စက်တင်ဘာလ ၂၈
ရေဘေးသင့်ပြည်သူများအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ လူမှုကရုဏာအကူအညီပေးရာတွင် အသုံးပြုရန် မြန်မာစက်မှုဆိပ်ကမ်းမိသားစု၊ KBZ Bank နှင့် KBZMS General Insurance တို့မှ ထောက်ပံ့ပစ္စည်းများကို စက်တင်ဘာလ ၂၆ ရက်နေ့က အသင်းရန်ကုန်ရုံးခွဲသို့ လာရောက်လှူဒါန်းခဲ့သည်။
လှူဒါန်းရာတွင် မြန်မာစက်မှုဆိပ်ကမ်းမိသားစုမှ သိန်း (၁၅၀) ကျပ် တန်ဖိုးရှိသော ဆန် (၂၆၀) ပြည်၊ ခြုံစောင် (၂၆၀) ထည်၊ ပလပ်စတစ်ပုံး (၂၆၀) ပုံး၊ အမျိုးသား/အမျိုးသမီးဝတ် အဝတ်အထည် (၅၂၀) ထည်၊ ရာဘာဖိနပ် (၂၆၀) ရံ၊ အမျိုးသမီးလစဉ်သုံးပစ္စည်း (၁၃၀) ထုပ်တို့ကိုလည်းကောင်း၊ KBZ Bank မှ သိန်း (၂၄၉,၉၅၂,၀၀၀) ကျပ် တန်ဖိုးရှိသော စက်လှေ (၁၈) စီးနှင့် အစားအစာမဟုတ်သော ပစ္စည်းအိတ် (၃၀၀၀) အိတ်တို့ကိုလည်းကောင်း၊ KBZMS General Insurance မှ သိန်း (၂၅၀) ကျပ်တန်ဖိုးရှိသော ရေသန့်ဆေးပြား (Aquatabs 67mg) (၃၀၀၀) ထုပ်တို့ကိုလည်းကောင်း တာဝန်ရှိသူများက မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ လွှဲပြောင်းလှူဒါန်းခဲ့ရာ အသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာ မျိုးညွန့်နှင့် အချိန်ပြည့်အလုပ်အမှုဆောင်များက လက်ခံရယူခဲ့သည်။
ဆက်လက်၍ အသင်းဥက္ကဋ္ဌက မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဆောင်ရွက်လျက်ရှိသော လူမှုကရုဏာလုပ်ငန်းများအတွက် ယခုကဲ့သို့ ပါဝင်လှူဒါန်းခြင်းအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။
အောင်မြင့်(ပြန်/ဆက်)