ကချင်ပြည်နယ်ဝန်ကြီးချုပ် ဝန်ကြီးဌာနပေါင်းစုံ အမျိုးသား/အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲအား ဖွင့်လှစ်ပေး၊ ကချင်ပြည်နယ်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ ပြည့်မီစွာအကောင်အထည်ဖော်ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

မြစ်ကြီးနား     စက်တင်ဘာ    ၂၈

ကချင်ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများ ကျန်းမာကြံ့ခိုင်စေပြီး လုပ်ငန်းခွင်အတွင်း စိတ်ပျော်ရွှင်ချမ်းမြေ့စွာဖြင့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ပြည်နယ်ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံ အမျိုးသား/အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၂၆ ရက် နံနက် ၈ နာရီက ငြိမ်းချမ်းသာယာ ဖူဆယ်အားကစားရုံ၌ ကျင်းပပြုလုပ်သည်။

ဖွင့်ပွဲအခမ်းအနားတွင် ဝန်ကြီးဌာနပေါင်းစုံမှ အမျိုးသားဘောလုံးအသင်း (၁၁)သင်း၊ အမျိုးသမီးဘောလုံးအသင်း (၂)သင်းတို့မှ အုပ်ချုပ်သူ၊ နည်းပြများ၊ အားကစားသမားများနှင့် ဘင်ခရာအဖွဲ့တို့ကကွင်းအတွင်း နေရာယူကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယခုလို ဝန်ထမ်းများအတွက် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခြင်းဖြင့် ခန္ဓာကိုယ်ကြံ့ခိုင်သန်စွမ်းမှုများ ပေးနိုင်သကဲ့သို့ စိတ်ဓာတ်ရေးရာ ပျံ့လွင့်မှုမရှိစေဘဲ အတွေးအခေါ်ကောင်းများဖြင့် လူမှုဆက်ဆံရေးပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးနိုင်စွမ်းရှိလာမည်ဖြစ်သည့်အတွက် ပြိုင်ပွဲဝင်အသင်းများအနေဖြင့် မိမိတို့အသင်းအောင်မြင်ရေးထက် ယှဉ်ပြိုင်ရေးကို ဦးစားပေးဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း၊ ထို့အပြင် ဝန်ကြီးဌာနအသီးသီးမှ အားကစားသမားများအားလုံးအနေဖြင့်လည်း မိမိတို့ဝါသနာပါသည့် ဖူဆယ်အားကစားနည်းမှတစ်ဆင့် ဝန်ကြီးဌာန၏ဂုဏ်၊ ပြည်နယ်၏ဂုဏ်ကို မြှင့်တင်ပေးရန် မိမိတို့၏စွမ်းရည်ကို အကောင်းဆုံးပြသယှဉ်ပြိုင်ကြရန် လိုကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် အစိုးရဖွဲ့ဝင်များက ပြိုင်ပွဲဝင် ဖူဆယ်ဘောလုံးအသင်းနည်းပြနှင့် အားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးကာ ပြိုင်ပွဲဝင်အသင်းများအတွက် ဖူဆယ်ဘောလုံးများကို ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ပြိုင်ပွဲဝင်အားကစားအသင်းများက အားကစားသစ္စာအဓိဌာန်ရွတ်ဆိုကာ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြသည်။

ယင်းနောက် လူငယ်စက်ဘီးစီးအသင်းက စက်ဘီးစီးစွမ်းရည်ပြသမှုကို ကြည့်ရှုအားပေးခဲ့ကြပြီး ဖူဆယ်ပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(က)အသင်းနှင့် (ခ) အသင်းတို့၏ယှဉ်ပြိုင်မှုကို ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဝန်ကြီးဌာနအသီးသီးမှ ဘောလုံးဝါသနာ ရှင်များနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကချင်ပြည်နယ်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ ပြည့်မီစွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့အနေဖြင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍအလိုက် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပြည်နယ်၏ အရင်းအမြစ်များကို ထိရောက်အကျိုးရှိစွာ အသုံးချပြီး တိုးတက်သည့် ရလာဒ်ကောင်းများရရှိအောင် ဆောင်ရွက်ကြမည်ဖြစ်ပါကြောင်း၊ ပြည်သူလူထု၏ အဓိကလိုအပ်သည့် အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး ဘက်ပေါင်းစုံက လက်တွဲညီညီဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သကဲ့သို့ စီမံကိန်းအသုံးစရိတ်များကိုလည်း စနစ်တကျထိရောက်စွာ စီမံခန့်ခွဲရန် လိုအပ်ပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် စာရင်းဇယားအချက်အလက် ပြည်စုံမှန်ကန်ရေး၊ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်း၊ တင်ဒါစည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းများနှင့်အညီ ကြီးကြပ်ကွပ်ကဲကြရန် အလေးထားဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း၊ သို့ဖြစ်ပါ၍ ဘဏ္ဍာရေးနှစ်ကုန်ဆုံးချိန်တွင် ဒေသန္တရစီမံကိန်းဥပဒေပါရည်မှန်းချက်များအတိုင်း ပြည့်မီကျော်လွန်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့် လုပ်ငန်းစီမံကိန်းများကို အချိန်မီအောင်မြင်စွာအကောင်အထည်ဖော်ဆောင် ရွက်သွားကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။

ဆက်လက်၍ ပြည်နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်အပေါ် ပထမ(၃)လပတ် (ဧပြီလမှ ဇွန်လ)အထိ စုစုပေါင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP) အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့မှု အခြေအနေများနှင့် အစီရင်ခံစာများတွင် စီမံကိန်းဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာဖြင့် အချိန်နှင့်တစ်ပြေးညီ ပြုစုတင်ပြနိုင်ရေး ရှင်းလင်းတင်ပြပြီး ပြည်နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါ်အမ်ဂျာရော်က ကချင်ပြည်နယ်၏ နှစ်အလိုက် GDP တိုးတက်မှုနှုန်းနှင့် ဌာန/အဖွဲ့အစည်းများက ပူးပေါင်းဆောင်ရွက်ရမည့်အချက်များနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် အကောင်အထည်ဖော်ရမည့် လုပ်ငန်းစီမံကိန်းများအပေါ် ရည်မှန်းချက်ပြည့်မီစွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ဌာနအလိုက် ဆွေးနွေးဆောင်ရွက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို သက်ဆိုင်ရာကဏ္ဍအလိုက် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့အတူ မွန်းလွဲပိုင်းတွင် အဆိုပါအစည်းအဝေးခန်းမ၌ ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင် ကချင်ပြည်နယ်ကိုယ်စားပြု အားကစားအသင်းများ အောင်မြင်စွာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဒုတိယအကြိမ် အားကစားဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ပဉ္စမအကြိမ် အမျိုးသား အားကစားပွဲတော် မိမိတို့ ကချင်ပြည်နယ်မှ အားကစားအသင်းများ စနစ်တကျ စုဖွဲ့လေ့ကျင့်၍ ဝင်ရောက်ယှဉ်ပြိုင်အောင်မြင်မှုရရှိရေး စခန်းသွင်းလေ့ကျင့်မှု အခြေအနေများ၊ အားကစားအထောက် အကူပြုပစ္စည်းများအပါအဝင် လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း တင်ပြကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ပြည်နယ်လူမှုရေးရာဝန်ကြီးက အားကစားနည်းအလိုက် ဆပ်ကော်မတီအသီးသီးမှ စခန်းသွင်းလေ့ကျင့်ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက အမျိုးသားအားကစားပွဲတော်တွင် အားကစားနည်း (၂၁) နည်း၊ လူဦးရေ (၄၀၀)ဦးခန့်ဖြင့် အားကစားအသင်းများ စနစ်တကျ စုဖွဲ့၍ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး အုပ်ချုပ်ထောက်ပံ့မှုဆိုင်ရာကိစ္စရပ်များနှင့် အောင်နိုင်ရေး ရည်မှန်းချက်များဖြင့် လေ့ကျင့်ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ သက်ဆိုင်ရာအားကစားနည်းအလိုက် ဆပ်ကော်မတီ အသီးသီးမှ တာဝန်ရှိသူများက စခန်းသွင်းလေ့ကျင့်ဆောင်ရွက်နေမှု အခြေအနေများနှင့် အထောက်အကူပြုပစ္စည်းများ အပါအဝင် စီမံအုပ်ချုပ်မှုဆိုင်ရာ လိုအပ်ချက်များကို တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများနှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)