ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအခမ်းအနား တက်ရောက်

စစ်တွေ    စက်တင်ဘာ  ၂၈

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ စစ်တွေမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူလေးများက “အမျိုးသားစာပေ ယဉ်ကျေးမှုအမွေ” သီချင်းဖြင့်ကပြဖျော်ဖြေကာ အခမ်းအနားကို ဖွင့်လှစ်ပေးကြသည်။

ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသည့် လူမှုရေးဦးတည်ချက်(၃)ရပ်တွင် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်စေရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်လာစေရန် လူငယ်ကဏ္ဍကိုမြှင့်တင်ဆောင်ရွက်ရေး ဆိုသည့်အချက်(၁)ချက်ပါဝင်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့်  ပညာနှင့်ပတ်သက်ပြီး ကျောင်းသားလူငယ်များ ပညာဗဟုသုတပြည့်စုံကြွယ်ဝရေးအတွက် အလွယ်ကူဆုံးနှင့်အထိရောက်ဆုံး ဆောင်ရွက်နိုင်သည့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်က တန်ဖိုးထားရသည့် အနာဂတ်၏ သားကောင်းရတနာ လူငယ်များအနေဖြင့် ဗလငါးတန် နှင့်ပြည့်စုံသည့် လူငယ်များအဖြစ် ရှင်သန်တိုးတက်လာရန် အသိပညာ၊ ဗဟုသုတများကို စာအုပ်၊ စာပေ ကောင်းများမှတစ်ဆင့် လေ့လာဖတ်ရှု မှတ်သားကြရမည်ဖြစ်ကြောင်း၊ ထိုသို့စာအုပ်၊ စာပေကောင်းများကို အမြဲလေ့လာဖတ်ရှုနိုင်ရန် ကျောင်းစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်ကြောင်း၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးနှင့် ပတ်သက်၍ နိုင်ငံတော်အကြီးအကဲက “စာမတတ်သူသည် ထိုင်နေသည့်လူနှင့်တူပြီး စာတတ်ပြီး စာမဖတ်သူသည် ရပ်နေသည့်လူနှင့်တူကြောင်း၊ စာတတ်ပြီး စာလည်းဖတ်သူမှာ လမ်းလျှောက်နေသူနှင့်တူကြောင်း” တိုက်တွန်းမှာကြားခဲ့သည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်းမှာ ၂၀၂၄ ခုနှစ် ဧပြီလကစပြီး  စာကြည့်တိုက်များ ရှင်သန်ခိုင်မာရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုများကို Activity တစ်ခုအဖြစ် လစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပညာရေးကဏ္ဍကို အားပေးဆောင်ရွက်လျက်ရှိသကဲ့သို့ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများနှင့် စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရန်အတွက်လည်း အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ ပညာရေးသည် ကျောင်းသား၊ ကျောင်းသူတစ်ဦးချင်းစီ၏ ဘဝရည်မှန်းချက်များ အကောင်အထည်ဖော်နိုင်မည့် အရည်အသွေးဖြစ်သကဲ့သို့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အထောက်အကူပြုနိုင်မည့် လိုအပ်ချက်ဖြစ်ခြင်းကြောင့် အစိုးရ၊ မိဘ၊ ဆရာ၊ ကျောင်းသား၊ ကျောင်းသူများက အားလုံးဝိုင်းဝန်းပြီး ပညာရေးမြှင့်တင်မှုလုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်ကြရန် ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုများပေးအပ်ချီးမြှင့်ကြသည်။ ယင်းနောက် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ ကျောင်းစာကြည့်တိုက်အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကလှူဒါန်းသည့် စာအုပ်စာစောင်များကို ပြည်နယ်လူမှုရေးရာဝန်ကြီးက ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာကြီးက လက်ခံရယူသည်။

ဆက်လက်၍ “နိုင်ငံအကျိုးအတွက် မှန်းမျှော်ရည် ခိုင်မာတိုးတက်စေရမည်” ဗီဒီယိုကလစ်အားပြသပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဆုရကျောင်းသား၊ ကျောင်းသူများနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြကာ ပြည်နယ်ဝန်ကြီးချုပ်က အခမ်းအနားတွင် ကပြဖျော်ဖြေကြသည့် ကျောင်းသူလေးများအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အခမ်းအနားသို့ တက်ရောက်လာကြသော ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူလေးများနှင့် လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့သည်။

နေ့လယ်ပိုင်းတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော ပြည်နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ကြသည်။

ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်သန်းခေါင်းစာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းက လူဦးရေနှင့်  အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို  ၂၀၂၄ ခုနှစ်၊  အောက်တိုဘာလ (၁) ရက်နေ့မှစတင်ပြီး (၁၅) ရက်နေ့အထိ ကောက်ယူသွားမည်ဖြစ်ကြောင်း၊ သန်းခေါင်စာရင်းကောက်ယူရေးအတွက် ကြိုတင်ပြင်ဆင်မှုအပိုင်းဖြစ်သည့် နောက်ဆုံးအဆင့်ဖြစ်သော စာရင်းကောက်ယူရာတွင် အခြေခံကျသည့် စာရင်းစစ်၊ စာရင်းကောက်များ သင်တန်းကိုလည်း စက်တင်ဘာ ၂၈ ရက်နေ့ထိ ပို့ချပေးနေကြောင်း၊ စာရင်းစစ်၊ စာရင်းကောက်သင်တန်းပြီးဆုံးလျှင် သန်းခေါင်းစာရင်းကောက်ယူရန် အသင့်ဖြစ်နေပြီဟု ပြော၍ရကြောင်း၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းသည် နိုင်ငံအတွက် အရေးကြီးသည့် လုပ်ငန်းတစ်ခုဖြစ်ပြီး ငွေကြေးကုန်ကျမှု များပြားသည့်အတွက်ကြောင့် (၁၀)နှစ်မှ တစ်ကြိမ်သာဆောင်ရွက်နိုင်ခြင်းဖြစ်ကြောင်း၊ မှန်ကြန်သည့်စာရင်းကိန်းဂဏန်းများရရှိမှသာ နိုင်ငံတော်အတွက် စီမံကိန်းများရေးဆွဲရာတွင် အကျိုးရှိရှိ အသုံးပြုနိုင်မည်ဖြစ်သည့်အတွက် သန်းခေါင်စာရင်းကောက်ယူရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် လုံခြုံရေးအပိုင်း၊ အုပ်ချုပ်ထောက်ပံ့မှုအပိုင်းများကို မြေပြင်လက်တွေ့ ကောက်ယူသည့်အခါ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်နယ်သန်းခေါင်စာရင်းကြီးကြပ်မှု ကော်မတီဝင်များ၊ ပြည်နယ်သန်းခေါင်စာရင်း ကော်မတီဝင်များနှင့် ခရိုင်၊ မြို့နယ်သန်းခေါင်စာရင်း ကော်မတီဝင်များအနေဖြင့် စာရင်းကောက်ယူရေးလုပ်ငန်းများတွင် တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ပေးကြစေလိုကြောင်းနှင့် သန်းခေါင်စာရင်းကောက်ယူရာတွင် အထောက်အကူဖြစ်စေမည့် အကြံအဉာဏ်များအား မိမိတို့အတွေ့အကြုံများနှင့်ပေါင်းစပ်ပြီး ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီအတွင်းရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးစောနိုင်က ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ် အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူပြုစုခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ Video Conference စနစ်ဖြင့်တက်ရောက်ကြသည့် ခရိုင်သန်းခေါင်စာရင်း ကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက မိမိတို့ခရိုင်နှင့်မြို့နယ်အလိုက် လူဦးရေနှင့်အိမ် အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုနှင့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်နယ်သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီဝင်များဖြစ်သော ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်သန်းခေါင်စာရင်းကော်မတီဝင်များဖြစ်သော ပြည်နယ်အဆင့်ဌာနဆိုင်ရာများက လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း အောင်မြင်စွာ ကောက်ယူနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှု၊ သန်းခေါင်စာရင်း ကောက်ယူရာတွင် ကြုံတွေ့နိုင်သည့် အခြေအနေများနှင့် ပတ်သက်၍ ဆောင်ရွက်ရာမည့် အခြေအနေများကို အကြံပြုဆွေးနွေးတင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်းသတင်းရရှိသည်။

တင်ထွန်း (ပြန်/ဆက်)