မော်လမြိုင်မြို့တွင် (၁၈) ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့အခမ်းအနား ကျင်းပ

မော်လမြိုင် စက်တင်ဘာ ၂၈

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ (၁၈)ကြိမ်မြောက်၊ ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် မော်လမြိုင်မြို့နယ်၊ အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်းတွင် ခွေးရူးရောဂါကာကွယ်ရေးပညာပေးဟောပြောပွဲကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနနှင့် စည်ပင်သာယာရေးဦးစီးဌာနတို့ ပူးပေါင်း ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး၊ ဒေါက်တာ နီနီမော်မှ ခွေးရူးရောဂါသည် တိရစ္ဆာန်မှ လူသို့ကူးစက်တတ်ကြောင်း၊ အိမ်မွေးတိရစ္ဆာန်များကို ခွေးရူးရောဂါကာကွယ်ဆေး ကြိုတင်၍ ပုံမှန်ထိုးနှံပေးကြရန်၊ ခွေးများကို (၁)လအရွယ်မှစတင်ပြီး ကာကွယ်ဆေး ထိုးနှံနိုင်ကြောင်း တစ်နှစ်တစ်ကြိမ် ပြန်လည်၍ ထိုးနှံသင့်ကြောင်း၊ ခွေးရူးပြန်ရောဂါဖြစ်ပါက ၁၀၀ % အပြည့် အသက်ဆုံးရှုံးနိုင်ကြောင်း၊ ခွေးကိုက်ခံရပါကကာကွယ်ဆေးထိုးနှံမှုကို အပြည့်အဝခံယူရမည်ဖြစ်ကြောင်း၊ ခွေးရူးရောဂါလက္ခဏာများအကြောင်းတို့ကို ပညာပေးဟောပြောခဲ့ပါသည်။

ထို့ပြင် (၁၈)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့အနေဖြင့်လည်း ခွေးအကောင် (၁၀၀)အား မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတွင် အခမဲ့ ထိုးနှံပေးသွားမည်ဖြစ်ပါကြောင်း သိရှိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)