တပ်ကုန်း စက်တင်ဘာ ၂၈
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းသည် ခရိုင်ပညာရေးမှူး ဒေါက်တာမာမာဇင်၊ တပ်ကုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းက ရေကြီးရေလျှံမှုကြောင့် ပျက်စီးမှုအား ပြန်လည်တည်ထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ၊ စာသင်ကျောင်းများအတွင်း တင်ကျန်နေသော နုန်းများ ဖယ်ရှားဆောင်ရွက်နေမှုနှင့် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်သင်ကြားနေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းနှင့်တာဝန်ရှိသူများသည် အဆုံ(ဇီကုန်း)ကျေးရွာအနီး၊ တိုင်အမှတ် ၃၀၃/၃၀၅ ၊ မဟာဓာတ်အားလိုင်း ၂၃၀ KV ဓာတ်အားလိုင်း ပြန်လည်တည်ထောင်နေမှုအား ကြည့်ရှု၍ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး၊ ဖောင်ဒေးရှင်းများ သတ်မှတ် စံချိန်စံညွှန်းပြည့်မီရေး၊ သဘာဝဘေးအန္တရာယ် ခံနိုင်ရည်ရှိရေးနှင့် ရပ်ကွက်၊ ကျေးရွာများတွင် ပုံမှန်အတိုင်း လျှပ်စစ်မီးရရှိရေးတို့ကို သက်ဆိုင်ရာတာဝန်ရှိသူများအား ရှင်းလင်းမှာကြားခဲ့ပြီးနောက် အဆုံ(ဇီကုန်း)ကျေးရွာနှင့် ရှောက်ကုန်းကျေးရွာ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ စာသင်ကြားနေမှုအား ကြည့်ရှုကာ ဆရာ၊ ဆရာများ၊ ကျောင်းသား၊ ကျောင်းသူများကို အားပေးစကား၍ ကျောင်းဝတ်စုံများ ထောက်ပံ့ပေးအပ်ခဲ့သည်။
၎င်းနောက် စာသင်ခန်းများ၊ ကျောင်းအိမ်သာများနှင့် ကျောင်းဝန်းအတွင်း သန့်ရှင်းမှုရှိစေရန်အတွက် ရပ်ရွာပြည်သူများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးမှာကြားခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းနှင့်တာဝန်ရှိသူများသည် ရေဘေးကြောင့် အသက်ဆုံးရှုံးခဲ့သည့် သေဆုံးသူ ၁၀၀ ဦးစာအတွက် နိုင်ငံတော်မှ တစ်ဦးလျှင် ငါးသိန်းနှုန်းဖြင့် ထောက်ပံ့ငွေစုစုပေါင်း သိန်း ၅၀၀ ကျပ်၊ နေပြည်တော်ကောင်စီမှ တစ်ဦးလျှင် နှစ်သိန်းနှုန်းဖြင့် ထောက်ပံ့ငွေ စုစုပေါင်း သိန်း ၂၀၀ ကျပ်တို့ကို သက်ဆိုင်ရာ မိသားစုဝင် လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ပါဝင်ခဲ့သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား ကုလားပဲ၊ ဆီ၊ ကြက်ဥများ ထောက်ပံ့ပေးအပ်ခဲ့ပြီးနောက် အနော်ရထာရပ်ကွက်အတွင်း သန့်ရှင်းရေးဆောင်ရွက်နေမှုများအား ကြည့်ရှု၍ သန့်ရှင်းရေး ဆောင်ရွက်နေသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့်တာဝန်ရှိသူများ မကျီးပင်ကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာအိမ်ထောင်စုများအတွက် သောက်သုံးရေ လုံလောက်စွာရရှိရေး လက်နှိပ်တွင်းနှင့်စက်တွင်းများ ရေမှုတ်သန့်စင်ပေးနေမှုအား ကြည့်ရှု၍ ရေဘေးသင့်အိမ်ထောင်စုများ၏ လိုအပ်ချက်များ ပေါင်းစပ်ဆောင်ရွက်ပေးရေး ရှင်းလင်းမှာကြားခဲ့ပြီး ညောင်ကိုင်းကျေးရွာအဝင်လမ်းတွင် ကျေးလက်လမ်းဦးစီးဌာနမှ စက်ယန္တရားဖြင့် ရေဆိုးထုတ်မြောင်းနှင့်လမ်းများပြန်လည်ပြုပြင်ပေးနေမှုအား ကြည့်ရှုခဲ့သည်။
ယင်းနောက် ညောင်ကိုင်းကျေးရွာ၊ ရွေးစု (မ)ကျေးရွာအခြေခံပညာကျောင်းများတွင် စာသင်ကြားနေမှုများအား ကြည့်ရှုကာ ဆရာ၊ဆရာများ၊ ကျောင်းသား၊ ကျောင်းသူများကို အားပေးစကားပြောကြား၍ စာသင်ခန်းများ၊ ကျောင်းအိမ်သာ၊ ကျောင်းဝန်းအတွင်း သန့်ရှင်းသပ်ရပ်ရေးအတွက် ကျေးရွာပြည်သူလူထုများနှင့် ပေါင်းစပ်ဆောင်ရွက်ရေး သက်ဆိုင်ရာတာဝန်ရှိသူများအား ရှင်းလင်းမှာကြားခဲ့ပြီးနောက် ဖောင်းတောကျေးရွာအဝင် ညောင်ကိုင်းချောင်းဖြတ်ကူးတံတား ချဉ်းကပ်လမ်းပျက်စီးမှုများကို ယာယီသွားလာနိုင်ရေး ကိုယ်ထူကိုယ်ထစနစ်ဖြင့် ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဝင်ဦးဇေယျာလင်းနှင့်တာဝန်ရှိသူများ တပ်ကုန်း-ပင်လောင်း ကားလမ်း၊ ၃ မိုင် ၁ ဖာလုံတွင် ရွှေကြက်တောင်ချောင်း ရေလျှံပြီး ကားလမ်းရေကျော်ခြင်းကို ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ စက်ယန္တရားများဖြင့် သဲတာဘောင် ကာရံထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
တင်စိုးလွင်