မိုင်းကိုင် စက်တင်ဘာ ၂၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ ရာဂီမုန်တိုင်းတိုက်ခတ်မှုကြောင့် ရေစီးနှင့်အတူ မျောပါသေဆုံးခဲ့သော သဘာဝဘေးသင့်ပြည်သူ၏ ကျန်ရစ်သူမိသားစုများအား ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဦးက ရာဂီမုန်တိုင်းတိုက်ခတ်ခဲ့သဖြင့် ရေကြီးရေလျှံမှုကြောင့် ရေစီးနှင့်အတူ မျှောပါသေဆုံးခဲ့သော ဆင်ခြေဖုန်းမြောက်ကျေးရွာအုပ်စု၊ လုံယွမ်ကျေးရွာနေ သဘာဝဘေးသင့်ပြည်သူ၏ ကျန်ရစ်သူမိသားစုဝင်များကို အားပေးစကားပြောကြားပြီး အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ ပေးပို့လာသော ထောက်ပံ့ငွေ ၈ သိန်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှပေးပို့လာသည့် ထောက်ပံ့ငွေ ၂ သိန်း၊ စုစုပေါင်းထောက်ပံ့ငွေ ၁၀ သိန်းကျပ်ကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ချော(မိုင်းကိုင်)