လယ်ဝေး စက်တင်ဘာ ၂၈
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်အတွင်း စစ်တောင်းမြစ်ရေ ဝင်ရောက်မှုကြောင့် ကျေးရွာများသို့ ဆက်သွယ်ထားသည့် လမ်းအချို့ ရေတိုက်စား၍ပျက်စီးခြင်းများ ဖြစ်ပွားခဲ့သည်။
အဆိုပါလမ်းများအနက် ပေါင်းလောင်း-အင်တိုင်းသာ-ဇီးကုန်း ကျေးရွာချင်းဆက် လမ်းပေါ်ရှိ သစ်တိုးချောင်းဇောက်ရိုးတံတား ပေ ၅၀ ချဉ်းကပ်လမ်း ရေတိုက်စားသွားခြင်းအား၊ ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက စက်တင်ဘာ၂၄ ရက်မှ စတင် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ပြုပြင်ပြီးစီးခဲ့ကြောင်း သိရသည်။
အလားတူ ရေတိုက်စားမှုကြောင့်ပျက်စီးခဲ့သည့် မြို့ရှောင်လမ်း-ကွမ်းခြံ လမ်းပိုင်းအား ယမန်နေ့က ပြန်လည်ပြုပြင်ပြီးဖြစ်၍ ဒေသခံပြည်သူများ ဆက်သွယ်သွားလာလျက်ရှိသည်။ ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျန်ရှိသည့် လမ်းပိုင်းများကိုလည်း အမြန်ဆုံးပြီးစီးနိုင်စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း တာဝန်ခံအင်ဂျင်နီယာထံမှ သိရသည်။
ဝေကြည်( ပြန်/ဆက်)