နောင်တရား စက်တင်ဘာ ၂၈
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် နောင်တရားဒေသအတွင်း၌ သဘာဝဘေးကြောင့် ပျက်စီးဆုံးရှုံးသွားသည့် ကျေးရွာချင်းဆက်လမ်းများနှင့် တံတားများ ပြန်လည်ပြုပြင်နိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးကျော်မင်းထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက စက်တင်ဘာလ ၂၈ ရက်နေ့တွင် ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။
စက်တင်ဘာလ ၉ ရက်နေ့မှ ၁၂ ရက်နေ့အထိ မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းခြင်းကြောင့် ပင်လောင်းမြို့နယ်အတွင်းရှိ ကျေးရွာများ၌ လူနေအိမ်နစ်မြုပ်ခြင်း၊ လမ်းတံတားများနှင့် စိုက်ပျိုးသီးနှံများ ရေလွှမ်းမိုးခြင်းကြောင့် ပျက်စီးဆုံးရှုံးမှုများစွာ ဖြစ်ပေါ်ခဲ့သည်။ သဘာဝဘေးကြောင့်ပျက်စီးဆုံးရှုံးခဲ့သည့် ကျေးရွာခြင်းဆက်လမ်းများနှင့် တံတားများကို အမြန်ဆုံးပြန်လည်ပြုပြင်နိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးကျော်မင်းထွန်း၊ နောင်တရားမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးအယ်အောင်ဒင်မိုင်နှင့် နောင်တရားအာလူးစိုက်ပျိုးရေး၊ အထွေထွေသမဝါယမ အသင်းဥက္ကဋ္ဌ ဦးခွန်ဆန်းဦးနှင့် တာဝန်ရှိသူများက မြေပြင်အခြေအနေများကို ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။
မွေးပြင်ကျေးရွာအုပ်စုနှင့် ပင်ခင်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာပေါင်း ၃၇ ရွာလူဦးရေ ၁၀၀၀၀ ကျော် အသုံးပြုနေသည့် နောင်မူ-ပင်ခင် ကတ္တာယာလမ်း ပေ ၁၂၂၀ ခန့်ကို ရေတိုက်စားခြင်းကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့်အတွက် ဒေသခံများ အခက်အခဲဖြစ်ပေါ်လျက်ရှိရာ အဆိုပါကျေးရွာများ လမ်းပန်းဆက်သွယ်ရေး လွယ်ကူစွာအမြန်ဆုံး သွားလာနိုင်ရေးအတွက် နောင်လင်-သံတောင်-ပင်ခင်လမ်းပိုင်းမှ ပြိုကျပျက်စီးနေသည့် မြေသားများကိုဖယ်ရှားပေးခြင်း တံတားများ ယာရီတည်ဆောက်ပေးခြင်းကို ဦးစားပေးအစီစဉ်ဖြင့် တည်ဆောက်ရေးလုပ်ငန်းကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ကျန်ရှိနေသည့်လမ်းပိုင်းများကို အဆင့်ဆင့်အလိုက် ဆောင်ရွက်သွားမည်ဟုသိရသည်။
ခွန်အောက် (နောင်တရား)