ဟိုပုံး စက်တင်ဘာ ၂၈
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် နောင်စုံကျေးရွာရှိ ရေဘေးသင့်ပြည်သူများအား စားသောက်ရေးအဆင်ပြေစေရန်အတွက် ယမန်နေ့က ထောက်ပံ့ငွေနှင့် စားနပ်ရိက္ခာများပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ဟိုပုံးမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ပြည်တွင်း ပြည်ပအလှူရှင်များ လှူဒါန်းထားသောအလှူငွေများဖြင့် မဲနယ်တောင်ဒေသ နောင်စုံကျေးရွာရှိ ရေဘေးသင့်အိမ်ထောင်စု (၁၆) စုအတွက် တစ်အိမ်ထောင်လျှင် ငွေကျပ် ၁ သိန်းကျပ်နှုန်းဖြင့် စုစုပေါင်း ငွေကျပ် ၁၆ သိန်းအားလည်းကောင်း၊ အဝတ်အထည်များပါသည့် ပလတ်စတစ်ပုံးများ၊ အနွေးအင်္ကျီ၊ ဘောင်းဘီ၊ ငါးသေတ္တာကတ်များ၊ ဆပ်ပြာ၊ ငါးခြောက်၊ အမျိုးသမီးသုံးပစ္စည်းများ စသည့် ငွေကျပ်သိန်း ၅၀ ကျော်တန်ဖိုးရှိ ထောက်ပံ့ပစ္စည်းများအား ဘေးသင့်ပြည်သူများ လက်ဝယ်သို့ ပေးအပ်သည်။
အလားတူ ဟိုပုံးမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ လူမှုကူညီရေးအသင်းများဖြင့် ပူးပေါင်း၍ ရေဘေးသင့်ပြည်သူများ ခိုလှုံလျက်ရှိရာနေရာများသို့ ကွင်းဆင်းကာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ထောက်ပံ့ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပအိုဝ်းဒေသ (ပြန်/ဆက်)