ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး သံလွင်(တာဆွတ်တိန်း)တံတား တည်ဆောက်ရေးစီမံကိန်း လုပ်ငန်းခွင်နှင့် ရေဘေးသင့်ပျက်စီးခဲ့သည့် လမ်းပိုင်းများ ပြန်လည်ပြုပြင်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး

လင်းခေး  စက်တင်ဘာ   ၂၈

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်သည် တာဝန်ရှိသူများ လိုက်ပါလျက် စက်တင်ဘာ ၂၇ ရက်နေ့က (ဝမ်ဟတ်-ဝမ်စလောင်း-တာဆွတ်တိန်း-ဟိုမိန်း) သွား လမ်းပေါ်ရှိ သံလွင်(တာဆွတ်တိန်း)တံတား တည်ဆောက်ရေးစီမံကိန်း လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးခြင်းနှင့်  ရေဘေးသင့် ထိခိုက်ပျက်စီးသွားခဲ့သည့် လမ်းပိုင်းများအား ပြန်လည်ပြုပြင် ဆောင်ရွက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဦးစွာ ပြည်နယ်သယံဇာတရေးရာဝန်ကြီးသည် လင်းခေးမြို့နယ် ပုန်းထွန်ကျေးရွာအုပ်စုရှိ ပန်ကျိုင်း-ဝမ်ကွန် ကျေးရွာချင်းဆက် ကိုယ်ထူကိုယ်ထ “အဘိပါလမေတ္တာကြိုးတံတား” ရေတိုက်စား ပျက်စီးသွားသည့် အခြေအနေကို ကြည့်ရှုကာ ပန်ကျိုင်းကျေးရွာ အောင်မင်္ဂလာတပ်ဦးကျောင်းထိုင် ဆရာတော်ဘဒ္ဒန္တဝိ မလဘိပါလထံ ကန်တော့ခြင်းနှင့် အလှူငွေဆက်ကပ်လှူဒါန်းပေးခဲ့ပါသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးသည်(လင်းခေး- ဝမ်ဟတ်-တာဆွတ်တိန်း-ဟိုမိန်း) သွားလမ်း(နမ့်တွန်-နားလင်း -ဝမ်တိန်းကျေးရွာ)ကြားရေတိုက်စားခံခဲ့ရပြီး ပျက်စီးသွားသည့်လမ်းပိုင်းအား  ခရိုင်နှင့်မြို့နယ် လမ်းဦးစီးဌာနမှ  တာဝန်ရှိသူတို့က ပြန်လည်ပြုပြင် ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍  တံတားအထူး (၄)အဖွဲ့မှ တာဝန်ယူတည်ဆောက်လျက်ရှိသည့် အရှည်(၅၆၀)မီတာ၊ သံကူကွန်ကရစ် RC Girder, PC Girder, Steel Box Girder and RC Slab သံလွင်(တာဆွတ်တိန်း) တံတား တည်ဆောက်ရေးစီမံကိန်းလုပ်ငန်း ရှင်းလင်းဆောင်သို့ ရောက်ရှိခဲ့ရာ အဆိုပါ စီမံကိန်း လုပ်ငန်းတာဝန်ရှိသူတို့က လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများနှင့် မိုးအဆက်မပြတ် ရွာသွန်း၍ သံလွင်မြစ်ရေ တက်ခဲ့ခြင်းကြောင့် တံတားရေတိုက်စားခံခဲ့ရမှု အခြေအနေများ၊ တည်ဆောက်လျက်ရှိသည့် တံတား(ချဥ်းကပ်တံတားလမ်း) တည်ဆောက်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ တာဝန်ရှိသူတို့က မြေပုံနှင့်တကွ ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးသည် (ဝမ်စလောင်း-တာဆွတ်တိန်း)ကြားရှိ ရေတိုက်စားသွားသည့် လမ်းပိုင်းနေရာများ ပြန်လည်ပြုပြင်တည်ဆောက်ရေးလုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ပြီး လင်းခေးမြို့သို့ ပြန်လည်ထွက် ခွာလာခဲ့ကြောင်း သိရသည်။

စိုင်းဇော်လတ်(ခရိုင်ပြန်/ဆက်)