မြောက်ဥက္ကလာပ စက်တင်ဘာ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ်ရှိ လူငယ်အားမာန်သုတဘဏ်စာကြည့်တိုက် ရေရှည်ရှင်သန်ဖွံ့ဖြိုးရေးအတွက် စာအုပ်များလှူဒါန်းခြင်း ယမန်နေ့ နေ့လယ် ၁ နာရီအချိန် အဆိုပါစာကြည့်တိုက်အတွင်း ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စာကြည့်တိုက်များကြီးကြပ်မှုကော်မတီအတွင်းရေးမှူး ဒေါ်မြမြ၀င်းက စာကြည့်တိုက်ရေရှည်တည့်တံ့နိုင်ရေး သုတ၊ ရသစာကြည့်တိုက်ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့မှုများ၊ မြို့နယ်အတွင်းရှိ ရပ်ကွက်စာကြည့်တိုက်များအတွင်း စာအုပ်စာစောင်ထိန်းသိမ်းမှုများ၊ ရပ်ကွက်စာကြည့်တိုက်များအတွင်း စာအုပ်စာတမ်းများလှူဒါန်းပေးနေမှုများ၊ စာကြည့်တိုက်မှတ်ပုံတင် သက်တမ်းတိုးဆောင်ရွက်နေမှုများ၊ စာကြည့်တိုက်များတိုးပွားနိုင်ရေးအတွက် နိုင်ငံတော်မှအလေးပေးဆောင်ရွက်နေကြောင်း၊ ရပ်ကွက်စာကြည့်တိုက်များဖွံ့ဖြိုးနိုင်ရေးအတွက် တာ၀န်ရှိသူများက ပူးပေါင်းဆောင်ရွက်မှ ရေရှည်တည်တံ့နိုင်မည်ဖြစ်ပါကြောင်းစသည့်တို့ကို ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးသိန်းဝင်းဇော်က စာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးနှင့် အောင်မြင်ရေးအတွက်ကော်မတီအနေဖြင့် တတ်နိုင်သမျှပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းစသည့်တို့ကိုပြောကြားခဲ့ပြီး လူငယ်အားမာန်သုတဘဏ်စာကြည့်တိုက်အဖွဲ့၀င် ဒေါ်မြမြအေးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထောက်ပံ့လှူဒါန်းသောစာအုပ်များအား မြို့နယ်စာကြည့်တိုက်များကြီးကြပ်မှုကော်မတီအတွင်းရေးမှူး ဒေါ်မြမြ၀င်းက လှူဒါန်းပေးအပ်ရာ လူငယ်အားမာန်သုတဘဏ်စာကြည့်တိုက် တာ၀န်ရှိသူတစ်ဦးမှ လက်ခံရယူခဲ့ကြောင်းသိရသည်။
သက်လွင်စိုး (ပြန်/ဆက်)